စစ်တွေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်နက်တိုက်ပေါက်ကွဲမှု အပူအအေးမမျှတမှုကြောင့်ဟုဆို

စစ်တွေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်နက်တိုက်ပေါက်ကွဲမှု အပူအအေးမမျှတမှုကြောင့်ဟုဆို
ဓာတ်ပုံ - မင်းမျိုးနွယ်/RiA

ရန်ကုန်၊ နိုဝင်ဘာ ၇ ။            ။ စစ်တွေမြို့ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် လက်နက်တိုက်မှ ပေါက်ကွဲမှုဖြစ်စဉ်မှာ ပြင်ပမှကြံစည်ခဲ့ခြင်းမဟုတ်ဘဲ အပူအအေးမမျှတမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဟု လတ်တလော သုံးသပ်ထားပြီး ကာကွယ်ရေးဦးစီဌာနမှလည်း စီစစ်ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်တွင်ရောက်ရှိနေသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်က ပြောသည်။

“ သူဖြစ်တဲ့နေရာက တောမီးကူးစက်လောင်ကျွမ်းနေတာမျိုးလည်း မရှိဘူး၊ မဖြစ်ဘူး။ နောက်ပြီးတော့ လမ်းဘေးက နေပြီးတော့ ပစ်ပေါက်သွားတာတို့ မသမာသူဝင်ရောက်ပြီးတော့ ထိုးဖောက် ဖောက်ခွဲတာမျိုး ဒီလိုမျိုးအနေထား တွေလည်း မရှိနိုင်နိုင်ဘဲ လုံခြုံရေးအနေထား ကောင်းမွန်တာကို တွေ့ရပါတယ်။ ကနဦး သုံးသပ်ချက်အနေနဲ့ကတော့ ရာသီဥတုဖောက်ပြန်ပြီးတော့ အပူ အအေးမညီမျှဘူးပေါ့။ ဒါကြောင့်လို့ ကနဦးသုံးသပ်ပါတယ် “ ဟု ဦးရဲနိုင်က ပြော သည်။

နိုဝင်ဘာ ၇ ရက်နေ့ နေ့လည် ၁၂ နာရီခွဲခန့်က ဒကစ စစ်တွေဌာနချုပ် လက်နက်တိုက်အတွင်းမှ ချက် ၃၀ ခန့် ပေါက်ကွဲမှု ထွက်ပေါ်ခဲ့ပြီး စစ်တွေမြို့မီးသတ်ဦးစီးဌာနမှ ၁ နာရီ ၁၀ မိနစ်တွင် မီးထိန်းချုပ်နိုင်ခဲ့ပြီး ၂နာရီ ၂၀ မိနစ်တွင်မီးငြိမ်း  သွားကြောင်း သိရသည်။

“ မီးသတ်အဖွဲ့ကတော့ ကျွန်တော်သိသလောက် အကုန်အင်အားသုံးတာပဲ စစ်တွေမှာရှိတာလေ” ဟု ပြန်ကြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးရဲနိုင်ကပြောသည်။

လက်နက်ခဲယမ်းအချို့ဆုံးရှုံးသွားပြီး ဆုံးရှုံးခဲ့သည့် ခဲယမ်းအမျိုးအစားနှင့် တန်ဘိုးမည်မျှရှိသည်ကို စီစစ်နေဆဲဖြစ် ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly