တောင်ကိုရီးယားသမ္မတ လက်ထောက်များကို ဖမ်းဝရမ်းထုတ်

တောင်ကိုရီးယားသမ္မတ လက်ထောက်များကို ဖမ်းဝရမ်းထုတ်

ဆိုးလ်၊ နိုဝင်ဘာ ၇ ။                     ။ တောင်ကိုရီးယားအစိုးရ၏ အဂတိမကင်းမှုများအပေါ် စုံစမ်းမှုတစ်စိတ်တစ်ပိုင်းအရ သမ္မတ ပတ်ဂွန်ဟေး၏ လက်ထောက်ဟောင်းနှစ်ဦးအား တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်သည်။

ပတ်ဂွန်ဟေး၏ မူဝါဒရေးရာ အကြီးတန်းအတွင်းဝန် အန့်ဂျောင်ဗြွန်းနှင့် ပြည်သူ့ရေးရာအတွင်းဝန် ဂျန်းဟိုဆောင်းတို့နှစ်ဦးအား လိမ်လည်မှု၊ အာဏာအလွဲသုံးစားမှုများနှင့် ပတ်သက်ကာ ဝရမ်းထုတ်ခြင်းဖြစ်သည်။

ဖြစ်ပေါ်နေသည့် အရှုပ်အရှင်းများနှင့် ပတ်သက်ပြီး သမ္မတ ပတ်ဂွန်ဟေးကမူ ရာထူးက နုတ်ထွက်ရန် ငြင်းဆန်သည်။ နိုဝင်ဘာ ၄ ရက်က ရုပ်မြင်သံကြားမှတစ်ဆင့် ပြည်သူလူထုအား ၎င်းက တောင်းပန်စကား ပြောကြားခဲ့သည်။

သူငယ်ချင်းဟောင်းဖြစ်သူ ချွမ်ဆွန်းစီအား အစိုးရမူဝါဒချမှတ်မှုများတွင် ပါဝင်စေခြင်းကို ခွင့်ပြုမိသည့် အမှားအား မိမိအနေဖြင့် ကျုးလွန်မိပါကြောင်း ရုပ်မြင်သံကြားတွင် ပတ်ဂွန်ဟေးက မျက်ရည်ကျလုမတတ် အခြေအနေဖြင့် ပြောဆိုခဲ့သည်။

သို့သော်လည်း ရိုးရာဓလေ့အယူအစွဲများဖြင့် သမ္မတအိမ်တော်တွင် လုပ်ဆောင်ကျင့်သုံးနေသည်ဆိုခြင်းကိုမူ ၎င်းက ငြင်းဆန်သွားသည်။

ချွမ်ဆွန်းစီသည် ရိုးရာနတ်ဆရာတစ်ဦး၏ သမီးဖြစ်ပြီး သမ္မတ ပတ်ဂွန်ဟေးနှင့် အဆက်အသွယ်ရှိသည်ကို အခွင့်ကောင်းယူကာ ၎င်းထိန်းချုပ်သည့် လူမှုရေးအသင်းများအတွက် အလှုခံခြင်းများ၊ စီးပွားရေးအမြတ်ထုတ်ခြင်းများကို လုပ်ဆောင်သည်ဟု သံသယရှိ စွပ်စွဲထားသည်။ ၎င်းကိုလည်း ဖမ်းဆီးကာ စစ်ဆေးလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly