အိန္ဒိယသူလျှိုကွန်ရက်အား ပါကစ္စတန်ဖော်ထုတ်

အိန္ဒိယသူလျှိုကွန်ရက်အား ပါကစ္စတန်ဖော်ထုတ်

အစ္စလာမ်မာဘတ်၊ နိုဝင်ဘာ ၄ ။          ။ ပါကစ္စတန်နိုင်ငံအတွင်း အိန္ဒိယမစ်ရှင်အဖွဲ့တစ်ဖွဲ့တွင် သူလျှိုထောက်လှမ်းရေးများ လုပ်နေသည့် ကွန်ရက်တစ်ခုအား ဖော်ထုတ်လိုက်နိုင်ကြောင်း ပါကစ္စတန်က ပြောသည်။

နိုင်ငံအတွင်း သူလျှိုထောက်လှမ်းမှု ကွန်ရက်အား ဖွဲ့စည်းလည်ပတ်နေသည်ဟု စွပ်စွဲခံရသည့် အိန္ဒိယတာဝန်ရှိသူရှစ်ဦး၏ အမည်နှင့် ဓာတ်ပုံများလည်း မီဒီယာများသို့ ပေါက်ကြားခဲ့သည်။

အစ္စလာမ်မာဘတ်ရှိ India High Commission မှ တာဝန်ရှိသူ ရှစ်ဦး သူလျှိုအဖြစ် သံသယရှိခံရပြီးနောက်တွင် ယင်းကော်မရှင်က ခြောက်ဦးကို ထုတ်ပယ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ပါကစ္စတန်က နိုဝင်ဘာ ၃ ရက်၌
ပြောသည်။

စက်တင်ဘာလအတွင်းက ကက်ရှ်မီးယားစစ်သွေးကြွများက တိုက်ခိုက်ရာ အိန္ဒိယစစ်သား ၁၉ ဦး ကျဆုံးခဲ့ပြီးနောက် အိန္ဒိယနှင့် ပါကစ္စတန်ကြား တင်းမာမှုမြင့်တက်လာခဲ့သည်။ ထိုတိုက်ခိုက်မှုကို ပါကစ္စတန်က ကူညီသည်ဟု အိန္ဒိယက စွပ်စွဲထားပြီး ပါကစ္စတန်ဖက်က ငြင်းထားသည်။

“အိန္ဒိယအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ ငွေကြေးထောက်ပံ့မှုတွေမှာ ပါဝင်နေကြောင်း တွေ့ရှိရလို့ စိတ်ပျက်ရရုံမကပါဘူး သံတမန်ရေးလုပ်ငန်းဆောင်တာအဖွဲ့ကို ယုတ်မာတဲ့ နည်းလမ်းနဲ့ အသုံးချနေတာပါပဲ။”ဟု ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ သူလျှိုသံသယရှိ လူရှစ်ဦးကို အိန္ဒိယအနေဖြင့် ကော်မရှင်မှ ထုတ်ပယ်မည်လား သို့မဟုတ် ပါကစ္စတန်နိုင်ငံက ၎င်းတို့အား ပြည်ပတွင်းက နှင်ထုတ်မည်လား ဆိုသည်နှင့် ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“ကော်မရှင်အဖွဲ့က တာဝန်ရှိသူတွေကို ပါကစ္စတန်က အခြေအမြစ်မရှိ စွပ်စွဲတာနဲ့ပတ်သက်ပြီး လုံးလုံးကန့်ကွက်ပါတယ်။ ဒီအိန္ဒိယတာဝန်ရှိသူတွေက နှစ်နိုင်ငံကြားမှာ စီးပွားရေးအဆက်အသွယ်နဲ့ ပတ်သက်ပြီး လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ မလျော်မကန် အစွပ်စွဲခံရတာပဲဖြစ်တယ်။”ဟု အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက သတင်းထောက်များအား ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags