နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးမြို့တော်ရှိ မီးပွိုင့်ထက်ဝက်ကျော် ပျက်စီးနေ

နိုင်ငံ၏ စတုတ္ထမြောက် အကြီးဆုံးမြို့တော်ရှိ မီးပွိုင့်ထက်ဝက်ကျော် ပျက်စီးနေ

မြန်မာနိုင်ငံ၏ မြို့ကြီးများအနက် လေးခုမြောက် အကြီးဆုံးမြို့အဖြစ်သတ်မှတ်ခံခဲ့ရပြီး ဧရာဝတီတိုင်း၏ မြို့တော်လည်းဖြစ်သော ပုသိမ်မြို့တော်တွင် မီးပွိုင့် ခုနှစ်ခု ရှိသည့်အနက် လေးခုမှာ ပျက်စီးယိုယွင်းလျက်ရှိကာ ယာဉ်မောင်းများ နားလည်မှုဖြင့်သာ မောင်းနင်နေရသည်ကို တွေ့ရသည်။

ပုသိမ်မြို့တွင် မြကျွန်းသာမီးပွိုင့်၊ ဈေးလေးမီးပွိုင့်၊ မြက်တိုမီးပွိုင့်၊ ပမ္မဝတီမီးပွိုင့်၊ ကင်မလင်းကျွန်းမီးပွိုင်နှင့် CB ဘဏ်ရှေ့ မီးပွိုင့်တို့ ရှိသည့်အနက် ပမ္မဝတီမီးပွိုင့်၊ ကင်မလင်းကျွန်းမီးပွိုင့်၊ CB ဘဏ်ရှေ့ မီးပွိုင့်သုံးခုသာ ကောင်းမွန်စွာ အလုပ် လုပ်ပြီး ကျန်လေးခုမှာ ပျက်နေသည်ကို တွေ့ရသည်။

မြကျွန်းသာ မီးပွိုင့်မှာမူ မီးနီရာမှ ချက်ချင်း စိမ်းသွားခြင်း၊ စိမ်းနေရာမှ ချက်ချင်းနီသွားခြင်း စသည့် ထိန်းချုပ်မှုစနစ် ချို့ယွင်းနေသည်ကို တွေ့ရသည်။ မြကျွန်းသာ မီးပွိုင့်ကို သြဂုတ်လအတွင်းက တပ်ဆင်ခဲ့ရာ မီးကြိုးပစ်ခံရပြီးနောက် ထိန်းချုပ်မှုစနစ် ချို့ယွင်းသွားခြင်းဖြစ်သည်။

ပမ္မဝတီ၊ မြက်တို၊ ဈေးလေး မီးပွိုင့်များမှာ မီးပွိုင့်သာ ရှိသော်လည်း လုံးဝ မီးမလင်းဘဲ ဖြစ်နေသည်မှာ တစ်လနီးပါးခန့်ရှိပြီဖြစ်သည်။ ဈေးလေးမီးပွိုင့်မှာမူ စက်ပစ္စည်းချို့ယွင်းနေသည်မှာ ရှစ်နှစ်ခန့်ရှိပြီဟု ဒေသခံများက ခန့်မှန်းပြောဆိုသည်။ အဆိုပါမီးပွိုင့်တွင် ယာဉ်ထိန်းရုံ အသစ်တည်ဆောက်နေပြီး မိန်းဘုတ်များအား ယာဉ်ထိန်းရုံအသစ်သို့ ပြောင်းရွှေ့နေရသောကြောင့် ယခုမူ မီးပွိုင့်ကို ယာယီပိတ်ထားသည်။

မြက်တိုမီးပွိုင့်သည်လည်း မိန်းဘုတ် လောက်ကျွမ်းသွားသောကြောင့် ပြင်ဆင်နေရကြောင်း ပုသိမ်မြို့ ယာဉ်ထိန်း တပ်ဖွဲ့စုမှူး ထွန်းနိုင်အောင်က ပြောသည်။ အဆိုပါ အခြေအနေများကြောင့် ယာဉ်မတော်တဆ မှုများ မဖြစ်ရန် " မီးပွိုင့်ပျက်တဲ့ နေရာတွေမှာ ယာဉ်ထိန်းရဲ အင်အားနဲ့ လမ်းရှင်းပေးနေပါတယ်၊ မီးပွိုင့် တွေကိုလည်း အမြန်ဆုံး ပြန်ပြင်နေပါတယ်" ဟုလည်း တပ်ဖွဲ့စုမှူး ထွန်းနိုင်အောင်က ပြောသည်။

ဒေသခံတစ်ဦးကမူ " မီးပွိုင့်က အခုပဲ စိမ်းတော့ မလိုလို၊ နီတော့မလိုလိုနဲ့ မောင်းရတာ တော်တော် အခက်အခဲဖြစ်တယ်၊ ဈေးလေးပွိုင့်ဆို နီနေလား စိမ်းနေလား သေချာမမြင်ရဘူး မီးရောင်က အပြည့်တောင် မမြင်ရဘူး ဂဏန်းတွေလည်း ပျောက်နေတယ်" ဟု ပြောသည်။ ပုသိမ်မြို့တွင် စက်တင်ဘာလအတွင်း ယာဉ်တိုက်မှု ၃၇မှု၊ သေဆုံးသူ ၅ဦးနှင့် ဒဏ်ရာရရှိသူ ၅၃ဦးရှိကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ မြို့ကြီးများတွင် ရန်ကုန်အကြီးဆုံးမြို့တော်၊ မန္တလေးမြို့သည် ဒုတိယအကြီးဆုံး၊ မော်လမြိုင်မြို့သည် တတိယအကြီးဆုံးမြို့ဖြစ်ကာ ပုသိမ်မြို့သည် စတုတ္ထအကြီးဆုံး မြို့အဖြစ် တပ်မတော်အစိုးရ လက်ထက်က သတ်မှတ်ထားခဲ့သည်။ ၂၀၀၆ ခုနှစ် စာရင်းများကို အခြေတည်လျက် ဝီကီပီးဒီးယား ဝက်ဆိုဒ်၏ ဖေါ်ပြချက်တွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်၊ ပဲခူး၊ ပုသိမ် တို့ကို အကြီးဆုံး မြို့တော်များအဖြစ် အစဉ်လိုက် သတ်မှတ်ထားသည်ကို တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly