ယမန်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်း ဆုကြေးငွေအများဆုံးရရှိ

ယမန်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်း ဆုကြေးငွေအများဆုံးရရှိ

နိုဝင်ဘာ ၂၊ အင်္ဂလန် ။            ။ ၂၀၁၅-၁၆ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် မန်စီးတီးအသင်းသည် ချန်ပီယံရီးယဲလ်အသင်းထက် ဆုကြေးငွေ ပိုမိုရရှိခဲ့သည်။

ပြီးခဲ့သည့်ရာသီက မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ်အဆင့်သို့ ရောက်ရှိခဲ့ရာတွင် ၆ ပွဲနိုင်၊ ၃ ပွဲရှုံး၊ ၃ ပွဲသရေ ရလဒ်ရရှိခဲ့သည်။ အုပ်စုပွဲတွင် ၄ ပွဲနိုင် ၂ ပွဲရှုံးခဲ့ပြီး ရှုံးထွက်အဆင့်ပွဲများတွင် ဒိုင်နမိုကိဗ်၊ ပီအက်စ်ဂျီ၊ ရီးယဲလ်တို့နှင့်တွေ့ဆုံခဲ့ကာ ရီးယဲလ်ကိုသာ တစ်ပွဲတည်းရှုံးခဲ့သည်။

ယူအီးအက်ဖ်အေက ပေးအပ်သည့် ဆုကြေးငွေတွင် ချန်ပီယံရီးယဲလ်အသင်းကဆုကြေးငွေ ပေါင် ၇၂ သန်းကျော်ရရှိခဲ့ပြီး မန်စီးတီးအသင်းက ဆုကြေးငွေ ပေါင် ၇၆ သန်းရရှိခဲ့သည်။ မန်စီးတီးက ရီးယဲလ်ကို ကျော်ဖြတ်သွားရသည့် အဓိက အကြောင်းအရင်းမှာ ဗြိတိန်ရုပ်သံဈေးကွက်ဝင်ငွေကြောင့်ဖြစ်သည်။

အုပ်စုအဆင့်မှ ထွက်ခွာခဲ့ရသည့် နည်းပြဗန်ဟားလ်၏ မန်ယူအသင်းမှာ ပေါင် ၃၄ သန်းကျော်သာရရှိခဲ့ပြီး အာဆင်နယ်အသင်းက ပေါင် ၄၈ သန်း၊ ချယ်လ်ဆီးအသင်းက ပေါင် ၆၂ သန်းရရှိခဲ့သည်။ အင်္ဂလန်အသင်းများထဲတွင် မန်စီးတီးပြီးနောက် ချယ်လ်ဆီးအသင်းက အများဆုံးရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးနှင့် ရီးယဲလ်တို့၏နောက်တွင် ဂျူဗင်တပ်စ်က ပေါင် ၆၉ သန်းကျော်ဖြင့် တတိယ၊ ပီအက်စ်ဂျီက ပေါင် ၆၄ သန်းကျော်ဖြင့် စတုတ္ထ၊ အက်သလက်အသင်းက ပေါင် ၆၃ သန်းကျော်ဖြင့် ပဉ္စမနေရာတွင် အသီးသီးရပ်တည်ခဲ့ကြသည်။ ဆုကြေးငွေအနည်းဆုံးရသည့်အသင်းမှာ အစ္စရေးကလပ် မက္ကာဘီတဲအဗစ်အသင်းဖြစ်ပြီး ပေါင် ၁၅ သန်းကျော်သာ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly