ကစားသမားဘဝကုန်ဆုံးချိန်အထိ ရီးယဲလ်တွင်သာကစားရန် ရည်ရွယ်ထားဟု ဂါရတ်ဘေးလ်ပြော

ကစားသမားဘဝကုန်ဆုံးချိန်အထိ ရီးယဲလ်တွင်သာကစားရန် ရည်ရွယ်ထားဟု ဂါရတ်ဘေးလ်ပြော

နိုဝင်ဘာ ၁၊ စပိန် ။                 ။ ရီးယဲလ်အသင်းနှင့်စာချုပ်သက်တမ်းတိုး ချုပ်ဆိုပြီးနောက်တွင် ဂါရတ်ဘေးလ်က စပိန်ကလပ်အသင်းတွင်သာ ကစားသမားဘ၀ ကုန်ဆုံးချိန်အထိကစားရန် ရည်ရွယ်ထားပြီဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ရီးယဲလ်အသင်းသည် ဂါရတ်ဘေးလ်ကို ခြောက်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ခြင်းကြောင့် ဝေးလ်တိုက်စစ်မှူးမှာ ရီးယဲလ်တွင် ၂၀၂၂ ခုနှစ်အထိ ဆက်ရှိနေတော့မည် ဖြစ်သည်။ ထိုအချိန်တွင် ၎င်း၏အသက်မှာ ၃၃ နှစ်ရှိနေမည်ဖြစ်သည်။

စာချုပ်သစ်အရ ဘေးလ်သည် တစ်ပတ်လျှင် ပေါင် ၃၄၆,၀၀၀ ရရှိမည်ဖြစ်ပြီး တစ်နှစ်လျှင်ပေါင် ၁၈ သန်း ရရှိမည် ဖြစ်သည်။ ထို့ကြောင့် ဘေးလ်မှာ စီရော်နယ်ဒိုနှင့်မက်ဆီတို့ပြီးနောက် ကမ္ဘာ့လစာငွေအများဆုံး ကစားသမားဖြစ်လာခဲ့သည်။

စာချုပ်ချုပ်ဆိုပြီးနောက်တွင် ဘေးလ်က ‘ရီးယဲလ်အသင်းက ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံးကလပ်အသင်းပါ။ ကျွန်တော်က အင်္ဂလိပ်ဘောလုံးပွဲတွေကို ကြည့်ပြီး ကြီးပြင်းလာတာဖြစ်ပေမယ့် ရီးယဲလ်အသင်းကစားတဲ့ပွဲတွေကိုလည်း ကြည့်ခဲ့ပါတယ်။ ဒီမှာ ကစားခွင့်ရဖို့ အခွင့်အရေးရလာတော့ မငြင်းပယ်နိုင်ခဲ့ပါဘူး။

ရီးယဲလ်မှာ ကွဲပြားခြားနားတဲ့ ဘောလုံးကစားနည်းတွေကို သင်ယူခွင့်ရခဲ့ပါတယ်။ ဒီမှာ အခက်အခဲတွေအများကြီးကြုံတွေ့ခဲ့ရသလို ကောင်းမွန်တဲ့ အချိန်တွေလည်း အများကြီးရရှိခဲ့ပါတယ်။ ဆုဖလားတွေ ထပ်မံရယူပြီး ဒီအသင်းဂျာစီနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးပေးဆပ်သွားလိုပါတယ်’ ဟု ပြောဆိုခဲ့သည်။

ဘေးလ်သည် ရီးယဲလ်အတွက် ၁၃၅ ပွဲကစားခဲ့ရာတွင် ၆၂ ဂိုးသွင်းပြီး ၄၈ ဂိုးဖန်တီးပေးခဲ့သည်။ ရီးယဲလ်နှင့်အတူ ချန်ပီယံလိဂ်ဆုဖလား နှစ်ကြိမ်၊ ကိုပါဒယ်ရေးတစ်ကြိမ်နှင့် ကမ္ဘာ့ကလပ်ဖလားတစ်ကြိမ် ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly