ချစ်သူကို သတ်၍ ကိုယ်တိုင်လည်း သတ်သေမှု ရခိုင်တွင် ဖြစ်ပွား

ချစ်သူကို သတ်၍ ကိုယ်တိုင်လည်း သတ်သေမှု ရခိုင်တွင် ဖြစ်ပွား

အောက်တိုဘာလ ၃၁ ရက်။        ။ ရခိုင်ပြည်နယ် တောင်ပိုင်း၊ ကျောက်ဖြူမြို့၊ ကရင်တောရပ်ကွက်တွင် ယနေ့ နံနက် ၈ နာရီအချိန်က ဓါးထိုး လူသတ်မှုတစ်ခုဖြစ်ပွားခဲ့သည်။

သေဆုံးသူမှာ နှစ်ဦးမှာ သမီးရည်းစားများဖြစ်ကြပြီး အမျိုးသမီးမှာ ဘဏ် ဝန်ထမ်းဖြစ်သည်။

“ မနက်ပိုင်း ၈ နာရီလောက်မှာ ကောင်မလေးက ဆိုင်ကယ်နဲ့ လာတယ်။ အဲဒီအချိန်မှာ ကောင်လေးက သူတို့ ရပ်ကွက်ထဲမှာ စောင့်နေပြီးတော့ လမ်းမပေါ်မှာ ပါလာတဲ့ ဓါးနဲ့ ထိုးလိုက်တာပါ။ သူတို့ နှစ်ယောက်က သမီး ရည်းစားတွေလို့ သိရပါတယ်။ ဘယ်လို အကြောင်းကြောင့် အခုလို ထိုးလိုက်တယ် ဆိုတာတော့ မသိရသေးဘူး။ ကာယကံရှင် နှစ်ယောက်လုံးက သေသွားတယ် ဆိုတော့ သူတို့အကြားမှာ ဘာတွေရှိနေလဲ ဆိုတာကို သိဖို့တော့ ခက်ပါတယ်။ ကောင်မလေးက အဲဒီအချိန်မှာ ရုံးတက်ဖို့ ထွက်လာခဲ့တာ လို့ သိရပါတယ်။” ဟု ကျောက်ဖြူမြို့မှ ရဲစခန်းမှ ပြောသည်။

အမျိုးသမီး၏ အမည်မှာ မမေဆုထွန်း အသက် ၂၈ နှစ် ဖြစ်ပြီး ကျောက်ဖြူမြို့၊ ကရင်စု ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ ဓါးဖြင့် ထိုးသတ်ခဲ့သူ သူ၏ ချစ်သူ ကျောက်ဖြူမြို့ ရခိုင်ပိုက်ဆိပ် ရပ်ကွက်တွင် နေထိုင်သူ ဖြစ်သည်။

အဆိုပါ နှစ်ဦးမှာ အခင်းဖြစ်ရာမှ ဆေးရုံရောက်ပြီး မိနစ် ၂၀ ခြားစီ သေဆုံးခဲ့ခြင်း ဖြစ်သည်။

“ ကောင်လေးက ကောင်မလေး ဆိုင်ကယ်စီးလာတဲ့အချိန်မှာ အသင့်စောင့်နေပြီးတော့ ဓါးနဲ့ထိုးလိုက်တယ်။ ကောင်မလေးက ဓါးထိုးတဲ့ ဒဏ်ရာနဲ့ ဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျ သွားတယ်။ ထပ်ပြီးတော့ ထိုးတယ်လို့ သိရတယ်။ ကောင်မလေးမှာက ဓါးဒဏ်ရာ ကိုးချက် တွေ့ရတယ်။ ကောင်လေးကလဲ သူ့ကိုယ်သူ ရင်ဘတ်ကို ဓါးနဲ့ ထိုးသတ် လိုက်တာဖြစ်ပါတယ်။ ကောင်လေးမှာတော့ ဓါးဒဏ်ရာ ၃ ချက်ပါတယ်။ နှစ်ယောက် လုံးကို ဆေးရုံကို ပို့နိုင်ခဲ့ပါတယ်။ ဆေးရုံရောက်တော့ မှ သေဆုံးတာဖြစ်ပါတယ်။” ဟု ကျောက်ဖြူမြို့မ ရဲစခန်းမှ ရဲအုပ်ဝင်းလွင်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly