ဟီဂူအင်အနေဖြင့် သစ္စာဖောက်တစ်ဦးကဲ့သို့ ခံစားမနေသင့်ကြောင်း ဂျူဗီနည်းပြ အယ်လီဂရီ ပြော

ဟီဂူအင်အနေဖြင့် သစ္စာဖောက်တစ်ဦးကဲ့သို့ ခံစားမနေသင့်ကြောင်း ဂျူဗီနည်းပြ အယ်လီဂရီ ပြော

အောက်တိုဘာ ၃၀၊ အီတလီ ။                 ။ အသင်းဟောင်းနာပိုလီကို ဂိုးသွင်းပြီးနောက် အောင်ပွဲမခံခဲ့သည့် ဟီဂူအင်၏ အပြုအမူနှင့် ပတ်သက်ပြီး ဂျူဗင်တပ်စ်အသင်းနည်းပြ အယ်လီဂရီက အာဂျင်တီးနားတိုက်စစ်မှူးအနေဖြင့် သစ္စာဖောက်တစ်ဦးကဲ့သို့ ခံစားမနေသင့်ကြောင်း ပြောဆိုလိုက်သည်။

ဟီဂူအင်သည် ပြီးခဲ့သည့်ရာသီက နာပိုလီအသင်း၏စာချုပ်သက်တမ်းတိုးရန် ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ပြီး ပြိုင်ဘက် ဂျူဗင်တပ်စ်အသင်းထံသို့ ယူရိုသန်း ၉၀ ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်သည်။

ယခု ဂျူဗင်တပ်စ်နှင့် နာပိုလီတို့တွေ့ဆုံသည့်ပွဲတွင် ဘိုနုချီ၏ဂိုးဖြင့် ဂျူဗင်တပ်စ်က ဦးဆောင်ခဲ့ပြီး ကယ်လီဂျွန်က ချေပဂိုးပြန်သွင်းပေးခဲ့သည်။ ပွဲချိန် မိနစ် ၇၀ တွင် ဟီဂူအင်က ဂျူဗင်တပ်စ်အတွက် အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဟီဂူအင်မှာ ငါးပွဲဆက်ဂိုးပေါက်ပျောက်နေရာမှ ယခုပွဲတွင် ဂိုးပြန်သွင်းနိုင်ခြင်းဖြစ်သော်လည်း အောင်ပွဲမခံခဲ့ပေ။

‘ဟီဂူအင်က တကယ်ကိုထူးခြားတဲ့အရည်အချင်းတွေရှိသူဖြစ်ပြီး အသင်းအတွက် ပြင်းပြင်းထန်ထန်ကြိုးစားသူပါ။ ပုံမှန်အတိုင်းဆို ဒီပွဲက သူအတွက် စပါယ်ရှယ်ပွဲတစ်ပွဲပါ။ ဂျူဗင်တပ်စ်ကိုလာဖို့ သူရွေးချယ်ခဲ့ပြီးပါပြီ။ ဟီဂူအင်အနေနဲ့ သစ္စာဖောက်တစ်ဦးလို ခံစားမနေသင့်ပါဘူး။ သူက ရဲရင့်တဲ့ဆုံးဖြတ်ချက်ကို ချခဲ့တာပါ’ ဟု အယ်လီဂရီက ပြောခဲ့သည်။

ယခုပွဲရလဒ်သည် အရေးကြီးသည့် ရလဒ်တစ်ခုဖြစ်သော်လည်း အဆုံးအဖြတ်မဟုတ်သေးကြောင်းနှင့် နာပိုလီအသင်းမှာ ဂျူဗင်တပ်စ်နှင့် ၇ မှတ်ကွာသွားသော်လည်း ချန်ပီယံလမ်းကြောင်းပေါ်   ပြန်လာနိုင်မှာဖြစ်ကြောင်း အယ်လီဂရီက ပြောခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly