တေးသီချင်းသစ် ထွက်တော့မယ်လို့ ပြောကြားလာတဲ့ ရှက်ကီရာ

တေးသီချင်းသစ် ထွက်တော့မယ်လို့ ပြောကြားလာတဲ့ ရှက်ကီရာ

နယူးယော့ခ် ၊ အောက်တိုဘာ ၂၉ ။             ။ ကိုလံဘီယာ ပေါ့ပ်ကြယ်ပွင့် ရှက်ကီရာက အဆိုတော် မော်လူမာ အားဖြည့် သီဆိုထားသော  “Chantaje” ဟု အမည်ပေးထားသော စပိန်တေးသီချင်းသစ်ကို   ဖြန့်ချိရန် စီစဉ်လျက်ရှိကြောင်း လူမှုရေးမီဒီယာတွင် ကြေညာခဲ့သည်။

ဂရမ်မီဆု နှစ်ဆု ဆွတ်ခူးထားသော ရှက်ကီရာသည် “Shakira” အမည်ရှိ တေးသီချင်းအယ်လ်ဘမ် နောက်ဆုံး ထွက်ရှိခဲ့ပြီး နောက်ပိုင်း နှစ်နှစ်အကြာတွင်  ပထမဆုံး စပိန်တေးသီချင်းသစ် ဖြန့်ချိရန် စီစဉ်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ပြင်ဆင်မှုများ လုပ်ဆောင်နေသော ၎င်း၏ ၁၁ ကြိမ်မြောက် တေးသီချင်းအယ်လ်ဘမ်တွင်  “Chantaje”  တေးသီချင်းကို ထည့်သွင်းရန် မျှော်မှန်းထားသည်။

 “ကျွန်တော် ဘာစီလိုနာမှာ ရှက်ကီရာနဲ့အတူ တေးသီချင်းတွေ လုပ်ဆောင်နေပါတယ်။ အံသြဖွယ် အတွေ့အကြုံ တစ်ရပ်ပါပဲ။ သူမဟာ အရမ်းကို တော်တဲ့အဆိုတော် တစ်ဦးဖြစ်ပါတယ်။ သူမနဲ့အတူ ပူးပေါင်းလုပ်တဲ့ အခါမှာလည်း သူမဆီကနေ ကျွန်တော် ပညာတွေရပါတယ်” ဟု မော်လူမာက ပြောကြားသည်။

မော်လူမာသည်  ယခင်က မက္ကဆီကန် အဆိုတော် Thalía နှင့် ဘရာဇီးအဆိုတော် အန်နစ်တာ ကဲ့သို့သော အမျိုးသမီး အဆိုတော်များ နှင့် ပူးပေါင်းလုပ်ဆောင်ခဲ့ဖူးသည်။

ကာလိုစ်ဗီဗက်စ် နှင့် ပူးပေါင်းသီဆိုထားသော ရှက်ကီရာ၏ “La bicicleta” တေးသီချင်းသည် ဘေလ်ဘုတ်၏  လူကြိုက်များသော  လက်တင်တေးသီချင်း ဇယားတွင် နံပါတ် လေးနေရာမှ ရပ်တည်နေပြီး ယင်းတေးသီချင်းသည် ကြည့်ရှုသူ သန်း ၃၅၀ကျော်ရှိသော တေးသီချင်းဗီဒီယို တစ်ခုဖြစ်သည်။

ရှက်ကီရာသည် လက်ရှိအချိန်တွင် စပိန်ဘာသာဖြင့် သီဆိုထားသော တေးသီချင်းသစ်များအတွက် အသံသွင်းမှုများ ပြုလုပ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags