ရန်ကုန်တွင် နောက်၆လအတွင်း ကိုယ်ဝန်မဆောင်သင့်

ရန်ကုန်တွင် နောက်၆လအတွင်း ကိုယ်ဝန်မဆောင်သင့်
(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(စက်တင်ဘာ ၂၈ရက်၊ ၂၀၁၆ခုနှစ်) အထူးသဖြင့် ရန်ကုန်တိုင်းအတွင်းနေထိုင်သည့် အိမ်ထောင်သည်များအနေဖြင့် နောက်ထပ် ၆လအတွင်း ကိုယ်ဝန်မယူသင့်ကြောင်းနှင့် ကိုယ်ဝန်ဆောင်များအနေဖြင့်လည်း ခြင်ကြား အကိုက်မခံရအောင် သတိပြုနေထိုင်ကြရန် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ယနေ့ အောက်တိုဘာ ၂၈ရက်၊ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

“ကိုယ်ဝန်ယူဖို့ ပြင်ဆင်ထားတဲ့သူတွေ တတ်နိုင်ရင် နောက်ထပ်ခြောက်လလောက်အတွင်းမှာ ကိုယ်ဝန်မယူဖို့၊ ကိုယ်ဝန်ရှိနေတဲ့သူတွေအနေနဲ့ အထူးသဖြင့် နေ့လယ်ဘက်မှာ ခြင်ကြားအကိုက်မခံရအောင် ပိုမိုဂရုစိုက်နေရ မယ်” ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။

ရန်ကုန်မြို့တွင် ဇီကာရောဂါဖြစ်ပွားနေသည့် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအား တွေ့ရှိရကြောင်း အတည်ပြုပြီး နောက်တရက်အကြာ နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

ထို့ပြင် အထူးသဖြင့် ရန်ကုန်တွင်နေထိုင်ကြသည့် အိမ်ထောင်သည်များအနေဖြင့်လည်း နောက် ၆လအတွင်း မဖြစ်မနေ ကိုယ်ဝန်ယူမည်ဆိုပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနနှင့် ညှိနှိုင်းကြရန်လည်း ဒေါက်တာစိုးလွင်ငြိမ်းက တိုက်တွန်းသည်။

အဆိုပါ နိုင်ငံခြားသူအမျိုးသမီးသည် မည်သည့်နိုင်ငံသူဖြစ်ပြီး မည်သည့်မြို့နယ်တွင် နေထိုင်သည်ကိုမူ ကမ္ဘာ့ကျန်းမာရေးညွှန်ကြားချက်များ၊ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများနှင့် ကာယကံရှင်၏ သဘောဆန္ဒ၏အရ ထုတ်ပြန်၍ မရကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ဇီကာရောဂါနှင့်ပတ်သက်သည့် လိုအပ်သော ကာကွယ်ထိန်းချုပ်နှိမ်နှင်းရေးလုပ်ငန်းများဖြစ်သည့် ပိုးလောက်လန်းနှင့် ခြင်ကြားနှိမ်နှင်းရေး တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။

ဇီကာရေဂါသည် ဇီကာဗိုင်းရပ်စ် သယ်ဆောင်နိုင်သည့် ခြင်ကြားမှုတဆင့်ကူးစက်နိုင်သလို လိင်ဆက်ဆံမှုမှတဆင့်လည်း ကူးစက်နိုင်သဖြင့် အကာအကွယ်ဖြင့် နေထိုင်ကြရန်လိုအပ်သည်ဟုလည်း ဆိုသည်။

သို့ရာတွင် ပြည်သူများအနေဖြင့် စိုးရိမ်မှုမလွန်ကဲကြဖို့လည်း ၎င်းက တိုက်တွန်းပြောကြားသည်။

“ရောဂါမပြင်းထန်ဘူးဆိုရင် ကူးစက်တိုင်းလည်း မွေးလာတဲ့ ကလေးမှာ ရောဂါမဖြစ်ပါဘူး။ ခေါင်းသေးသွားမှာ မဟုတ်ဘူး။ ဦးနှောက်သေးသွားမှာ မဟုတ်ဘူး” ဟု ဆိုသည်။

ဇီကာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက အောက်ပါအတိုင်း သတိပေးနှိုးဆော်ထားသည်။

ဇီကာ ဗိုင်းရပ်စ် သိကောင်းစရာနှင့် ရောဂါကာကွယ်ရေးနှိုးဆော်ချက်
 

ဖြစ်ပေါ်လာပုံ
ဇီကာဗိုင်းရပ်စ် ရောဂါဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒိစ်ခြင်ကျားကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွားတတ်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ အဆိုပါ ရောဂါပိုးကို ၁၉၄၇ ခုနှစ်ကတည်းက ယူဂန္ဓာနိုင်ငံရှိ မျောက်များတွင် စတင်တွေ့ရှိပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန္ဓာနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံတို့၌ လူသို့ကူးစက်မှု ရှိခဲ့ပါသည်။

ရောဂါပြန့်ပွားပုံ
ဇီကာဗိုင်းရပ်စ်ပိုးသယ်ဆောင်လာသော အေးဒိစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။ ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင် ကျန်လျက်ရှိသော စွန့့်ပစ်ပစ္စည်းများဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက် စသည့်တို့တွင် တွေ့ရသည်။ နေ့အချိန်တွင် လူကို ကိုက်ခြင်း မှတဆင့် ရောဂါကူးစက်ဖြစ်ပွားစေပါသည်။ ခြင်ကိုက်ခံရပြီး ၂ ရက်မှ ၇ ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာနိုင် ပါသည်။ ရောဂါကူးစက်ခံရသူ ငါးဦးတွင် တစ်ဦး၌ ရောဂါ လက္ခဏာ ပေါ်ပေါက်ကြောင်း သိရှိနိုင်သည်။

ရောဂါ လက္ခဏာများ
အဓိက လက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား/ အဆစ်များ နာကျင်ခြင်း တို့ ဖြစ်တတ်ပါသည်။ ဇီကာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း ၏ နောက်ဆွဲတွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွားခြင်းအပေါ် ဆက်စပ်မှု ရှိ မရှိ သက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးစားလျက်ရှိပါသည်။

ရှောင်ရန်
ဇီကာ ဗိုင်းရပ်စ် ရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါ သက်သာရန်အတွက်သာ ကုသပေးနိုင်ပါသည်။ အနားယူခြင်း ၊ ရေလုံလောက်စွာ သောက်သုံးခြင်း၊ ဆေးမြီတိုများနှင့် အခြားအကိုက်အခဲပျောက်ဆေးများကို မသောက်ရန် ဖြစ်ပါသည်။

လိုက်နာရန်
ပါရာစီတမော့ဆေးကိုသာ အညွှန်းအတိုင်းသောက်သုံးရန်နှင့် ဇီကာ ဗိုင်းရပ်စ်ရောဂါလက္ခဏာများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန/ ဆေးရုံ/ ဆေးခန်းများသို့ သွားရောက်ပြသ စစ်ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။

ကြိုတင်ကာကွယ်ရန်

ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရန် အကောင်းဆုံးကာကွယ်နည်းမှာ ခြင်ကျားပိုးလောက်လမ်းနှိမ်နှင်းရေးနှင့် ခြင်ကိုက်ခံရခြင်းမရှိအောင် နေထိုင်ရေးဖြစ်ပါသည်။ ခြင်ကျားလောက်လမ်းများ ပေါက်ပွား မရှိစေရေးအတွက် အောက်ပါနည်းလမ်းများဖြင့် ဆောင်ရွက်ရပါမည်။

ဖုံး- ရေလှောင်ထားသော အိုးခွက်များကို ခြင်များ ဝင်ရောက် မဥနိုင်အောင် လုံခြုံစွာ ဖုံးအုပ်ထားရန်

သွန်- အိုးခွက် နံရံတွင် ကပ်နေသော ခြင်ဥများသေစေရန် အိုးခွက်များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောရန်၊

ခြင်ကျားလောက်လမ်းတွေ့ရှိသော ရေများကို သွန်ပစ်ရန် (သို့) အခြားအိုးထဲသို့ ရေစစ်ဖြင့် ပြောင်းထည့်ရန်

လဲ- ပန်းအိုး များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြောကာ ရေများကို တစ်ပတ်နှစ်ကြိမ်လဲလှယ်ရန်

စစ်- ခြင်ကျားလောက်လမ်းများ မပါစေရန် ရေဖြည့်သောအခါ ရေစစ်ဖြင့် စစ်ထည့်ရန်

ထို့ပြင် ခြင်ကိုက် မခံရစေရန် ခြင်ဆေးလိမ်းခြင်း၊ အင်္ကျ ီလက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊ နေအိမ်ခြင်လုံဇကာများ တပ်ဆင်ခြင်း လိုအပ်ပါသည်။

နိဂုံးချုပ်အားဖြင့် ခြင်ကျားလောက်လမ်းများ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် နည်းလမ်းဖြင့် ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းမှာ လူတိုင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် ဇီကာဗိုင်းရပ်စ်ရောဂါ အပါအဝင် သွေးလွန် တု တ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှုမရှိအောင် ကာကွယ်နှိမ်နှင်းနိုင်မည်ဖြစ်ပါသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly