တနင်္လာနေ့ မနက်အစောပိုင်းက ရီးယဲလ်နှင့် ဘီလ်ဘာအိုတို့ ယှဉ်ပြိုင်ကစားသွားခဲ့ရာ ရီးယဲလ်က (၂-၁)ဂိုးနဲ့ အနိုင်ရရှိပြီး လာလီဂါဇယားထိပ်ဆုံးကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။
ဂိုးလယ်ကနေ မာဆယ်လို ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို အစ္စကိုက ရယူပြီး ဂိုးဧရိယာထဲ ထိုးပေးတဲ့ ဘောလုံးကို ပြင်သစ်တိုက်စစ်မှူး ဘန်ဇီမာက ပွဲချိန် (၇) မိနစ်မှာ အဖွင့်ဂိုး ကန်သွင်းယူသွားတာဖြစ်ပါတယ်။
ဒါပေမယ့် ပီပီနဲ့ ကာဗာဟယ်လ်တို့ ဇာဗီယာအီရာဆိုဆီက ဘောလုံးကို မဖျက်တောက်နိုင်ခဲ့တာကြောင့် မာရီနိုက (၂၇) မိနစ်မှာ ဘီလ်ဘာအိုအတွက် ချေပဂိုး သွင်းခဲ့ပါတယ်။
ဒီပွဲမှာ စီရော်နယ်လ်ဒိုက ရရှိတဲ့ အခွင့်အရေးတွေ လွှဲချော်ခဲ့ပေမယ့် လူစားဝင် မိုရာတာက ဘေးလ်ရဲ့ ဖြတ်တင်ပေးမှုကတဆင့် ပွဲကစားချိန် (၈၃) မိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် ရီးယဲလ်တို့ ရမှတ် (၂၁) မှတ်နဲ့ ဇယားထိပ်ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီနေ့မှာ အနိုင်ဂိုးသွင်းယူခဲ့တဲ့ မိုရာတာဟာ သူ့ရဲ့ (၂၄) နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။
တနင်္ဂနွေနေ့အစောပိုင်းက ဆီဗီလာနဲ့ အက်သလက်တီကိုတို့ ကစားခဲ့ရာမှာ ဆီဗီလာက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ရမှတ် ၂၀ နဲ့ ဒုတိယနေရာကို ရောက်ရှိလာပါတယ်။ အက်သလက်ကိုကတော့ ရမှတ် (၁၈) မှတ်နဲ့ အဆင့် (၅) ထိ ကျသွားပါတယ်။
စနေနေ့က ကစားသွားတဲ့ ဘာစီလိုနာက ဗလင်စီယာကို (၃-၂) ဂိုးနဲ့ နိုင်ခဲ့ပြီး ရမှတ် (၁၉) မှတ်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။
လာလီဂါ ပွဲစဉ် (၉) ရလဒ်များ
ရီးယဲလ်မက်ဒရစ် ၂-၁ ဘီလ်ဘာအို
ဆီဗီလာ ၁ - ၀ အက်သလက်တီကို
ဂရန်နာဒါ ၀ - ၀ ဂီဂျွန်
ဆဲလ်တာဗီဂို ၄ - ၁ ဒီပို့တီဗို
မာလာဂါ ၄ - ၀ လီဂါနက်စ်
ဗီလာရီးရဲလ် ၂ - ၁ လက်စ်ပါးမက်စ်
အိုဆာဆူနာ ၁ - ၂ ဘက်တစ်
အက်စပန်ညို ၃ - ၃ အီဘာ
ဗလင်စီယာ ၂ - ၃ ဘာစီလိုနာ
ဆိုစီဒက် ၃ - ၀ အလာဗက်စ်