မုန်တိုင်းကြောင့် ဧရာဝတီလူငယ်တွေ့ဆုံပွဲ ရက်ရွှေ့ဆိုင်း

မုန်တိုင်းကြောင့် ဧရာဝတီလူငယ်တွေ့ဆုံပွဲ ရက်ရွှေ့ဆိုင်း

ပုသိမ်၊ အောက်တိုဘာ ၂၃ ။  ။ ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ မုန်တိုင်းငယ် ဖြတ်ကျော်နိုင်ချေရှိသောကြောင့် ပုသိမ်မြို့တော်ခန်းမတွင် ပြုလုပ်မည့် ဧရာဝတီလူငယ်တွေ့ဆုံပွဲ ရက်ရွှေ့ဆိုင်းမည် ဖြစ်ကြောင်း ဧရာဝတီလူငယ်ကွန်ရက်ထံမှ သိရသည်။

အဆိုပါ လူငယ်တွေ့ဆုံပွဲအား ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ လူငယ်များအား ဖိတ်ခေါ်ထားပြီး အောက်တိုဘာ ၂၅ရက်မှ ၂၇ရက်အထိ ကျင်းပပြုလုပ်ရန် စီစဉ်ခဲ့ရာမှ မြစ်ဝကျွန်းပေါ်အနီးသို့ မုန်တိုင်းရွှေ့လျားကြောင်း အောက်တိုဘာ ၂၃ရက်တွင် သတိပေးထားသည့်အတွက် လူငယ်တွေ့ဆုံပွဲသို့ လာရောက်မည့် လူငယ်များအနေဖြင့် သွားလာရေးအဆင်မပြေနိုင်သောကြောင့် ရွှေ့ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပွဲ စီစဉ်သူ တစ်ဦးဖြစ်သူ ဧရာဝတီလူငယ်ကွန်ရက် တာဝန်ခံ မနန်းအေးအေးခိုင်က "မြောင်းမြ၊ ငပုတော၊ ဘိုကလေး စတဲ့ အောက်ဘက်ပိုင်းဒေသတွေက သင်္ဘောတွေ မထွက်တော့ဘူး။ အိမ်ကမိဘတွေအနေနဲ့လည်း လာမယ့်လူငယ်တွေရဲ့ လမ်းခရီးကို စိုးရိမ်ကြသလို လူငယ်တွေကလည်း ကျန်ခဲ့တဲ့ အိမ်ကို စိုးရိမ်ကြတယ်။ ဖိုရမ်ဖြစ်တဲ့အတွက် တစ်တိုင်းလုံးမှာရှိတဲ့ 
မြို့နယ်တိုင်းက လူငယ်တွေရဲ့ အသံတွေ ဆွေးနွေးချက်တွေ စုစည်းရမှာဖြစ်တဲ့ အတွက် အားလုံးတိုင်ပင်ပြီး အားလုံးအဆင်ပြေမယ့်ရက်ကို ရွှေ့ဆိုင်းလိုက်တာပါ " ဟု မဇ္ဈိမကိုပြောသည်။

အဆိုပါ လူငယ်တွေ့ဆုံပွဲများအား နိုင်ငံအဝှမ်း ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ကျင်းပပြုလုပ်နေပြီး လူငယ်တို့ရင်ဆိုင်နေရသည့် ပြဿနာများနှင့် မကြာမီရေးဆွဲတော့မည့် နိုင်ငံလုံးဆိုင်ရာ လူငယ့်ရေးရာမူဝါဒ ပေါ်ပေါက်ရေးအတွက် ကိုယ်စားလှယ်များ ရွေးချယ်နိုင်ရေး စသည်တို့ကို ဆွေးနွေးကြမည်ဖြစ်သည်။ 

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်၏ လက်ရှိ အခြေအနေမှာ မြန်မာ့ကမ်းရိုးတန်းနှင့် နီးကပ်နေသည့်အတွက် အနီရောင်အဆင့် သတ်မှတ်ထားပြီး နောက် ၁၂ နာရီအတွင်း မြစ်ဝကျွန်းပေါ် ဒေသအနီးသို့ ရောက်ရှိမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက အောက်တိုဘာ ၂၃ရက်က သတင်းထုတ်ပြန်ထားသည်။ 

သို့သော် အောက်တိုဘာ ၂၃ရက် ညပိုင်းတွင်မူ မုန်တိုင်းမှာ မြန်မာနိုင်ငံမှ ဝေးရာ အိန္ဒိယဘက်သို့ ဦးတည်နေပြီဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ကြေငြာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly