လှေစီးဒုက္ခသည်များ ထွက်ပြေးမှု နှစ်ဆယ်ဦးအထိရှိလာ

လှေစီးဒုက္ခသည်များ ထွက်ပြေးမှု နှစ်ဆယ်ဦးအထိရှိလာ
ဇွန်လ ၈ ရက်က ဘင်္ဂလားဒေ့ရှ်သို့ လွှဲပြောင်းပေးခဲ့သည့် ရွှေ့ပြောင်းအခြေချသူများ။ ဓာတ်ပုံ- AFP

ရန်ကုန် (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တွင် ယာယီထားရှိပြီး စစ်ဆေးနေသော လှေစီးဒုက္ခသည်များ ထွက်ပြေးလျှက်ရှိရာ ဇူလိုင် ၁၆ ရက်အထိ လူပေါင်းနှစ်ဆယ်ကျော်အထိ ထွက်ပြေးခဲ့သည်ဟု ရခိုင်ပြည်နယ် နယ်ခြားစောင့်တပ် ဌာနချုပ်မှာ တာဝန်ရှိသူ တစ်ဦးကပြောသည်။

တောင်ပြိုလက်ဝဲမြို့နယ်တွင် ထားရှိသော လှေစီးဒုက္ခသည်များကို လွှဲပြောင်းနိုင်ခြင်း မရှိသေးမီ ထိုသို့ထွက်ပြေးခြင်းဖြစ်သည်။

အဆိုပါ တာဝန်ရှိသူက "လုံခြုံရေးက နေ့ရောညရော မစောင့်နိုင်ဘူး၊ ညဘက် ထွက်သွားကြတယ်"ဟု ဆိုသည်။

စစ်ဆေးအတည်ပြုချက်မရရှိသေးဘဲ ထွက်ပြေးနေသော ထိုဒုက္ခသည်များနှင့် ပတ်သက်၍ လုံခြုံရေးအတွက် စိုးရိမ်မှုများဖြစ်ပေါ်လျှက်ရှိသည် ဟု မောင်တောဒေသခံများကပြောသည်။

မောင်တောမြို့နယ် ရှေ့နေအသင်းမှ ဦးအောင်ကြည်ညွှန့်က"ဒီလူတွေ ဟာ အကြမ်းဖက် မယ့်လူတွေ ဆိုရင် ဒေသလုံခြုံရေးကို ဘယ်သူက တာဝန်ယူမလဲ "ဟု ပြောသည်။

ရခိုင်ပြည်နယ် အစိုးရ ဖွ့ဲကမူ ထိုသို့ ထွက်ပြေးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေး ဟုဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက "ထွက်ပြေးနေတာတော့ကြားတယ်ဗျ၊ နောက်ဆုံး ဘယ်နှစ်ယောက်ရှိပြီလဲ ဆိုတာတော့မသိသေးဘူး"ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် ယာယီစစ်ဆေးမှုများခံယူနေသော လှေစီးဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံမှဟု အတည်ပြုထားသော်လည်း လက်ရှိ အချိန်ထိ လက်ခံခြင်းမရှိသေးပေ။

ရခိုင်ပြည်နယ် အတွင်းတွင် ဖမ်းမိထားသော လှေစီးဒုက္ခသည် နှစ်ဆယ်ကျော်မှာ ရခိုင်ပြည်နယ် တောင်ပြိုလက်ဝဲမြို့နယ်ခွဲတွင် ရှိသေးပြီး၊ ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းထားသော လှေစီးဒုက္ခသည် ၅၄၄ ဦး သည်  ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှတ်တိုင် ၃၇ တွင်စစ်ဆေးလျှက်ရှိသည်။ ဒုက္ခသည်များ အနက် ၁၆၅ ဦးကို  ဇူလိုင်လ၂၂ ရက်တွင် ဘင်္ဂလားဒေ့ရှ်နိုင် သို့ပြန်လည် လွှဲပြောင်းပေးမည် ဟု နိုင်ငံခြားရေဝန်ကြီးဌာန ကသတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags