မိုဆူးလ်မြို့တွင် အိုင်အက်စ်တို့ အရပ်သားများအား လူသားတံတိုင်းအဖြစ် အသုံးပြုနေကြောင်း အမေရိကန်စွပ်စွဲ

မိုဆူးလ်မြို့တွင် အိုင်အက်စ်တို့ အရပ်သားများအား လူသားတံတိုင်းအဖြစ် အသုံးပြုနေကြောင်း အမေရိကန်စွပ်စွဲ

အောက်တိုဘာ ၁၉ ။                   ။ အိုင်အက်စ်အုပ်စုတို့ အခြေစိုက်ရာ မိုဆူးလ်မြို့အနီး အီရတ်တပ်များ ပိုမိုနီးကပ်လာနေချိန်တွင် စစ်သွေးကြွ အုပ်စုအနေဖြင့် မြို့တွင်းရှိ အရပ်သားများအား လူသားတံတိုင်းများအဖြစ် အသုံးချနေလျက်ရှိကြောင်း အမေရိကန်က စွပ်စွဲပြောကြားလိုက်သည်။

ယခုအချိန်ထိ မြို့တွင်း၌ ဒေသခံအရပ်သား ၇၀၀,၀၀၀ ခန့် ရှိနေဆဲဖြစ်သည်ဟု ယုံကြည်ရပြီး ယခုအခါ အိုင်အက်စ်တပ်ဖွဲ့ဝင် ၅,၀၀၀ ခန့်မှာ အီရတ်တပ်ဖွဲ့၏ မိုဆူးလ်မြို့သိမ်း စစ်ဆင်ရေးနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

ယင်းမြို့၏ အနီးအနား ကာရာကို့စ်ရှ် မြို့ကို ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဆိုသော သတင်းများထွက်ပေါ်လာခဲ့သော်လည်း နောက်ပိုင်းတွင် ယင်းပြောဆိုချက်များကို အီရတ်အစိုးရအရာရှိ တစ်ဦးက ပြန်လည်ငြင်းဆန်သွားသည်။

သို့သော်လည်း လက်ရှိအချိန်ထိ ကျေးရွာပေါင်း ၁၀ ရွာမှ အိုင်အက်စ်တို့ကို မောင်းထုတ်ထားနိုင်ခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် ဦးဆောင်သည့် ညွန့်ပေါင်းအဖွဲ့က ပြောသည်။

အီရတ်အစိုးရတပ်ဖွဲ့များသည် ယခုအခါ မြို့၏ တောင်ဘက်ခြမ်းမှ ချီတက်ချဉ်းကပ်နေပြီ ဖြစ်သကဲ့သို့ ကာဒစ်ရှ် မဟာမိတ် တပ်ဖွဲ့ဝင်များမှာလည်း အရှေ့ဘက်ခြမ်းမှတဆင့် ချဉ်းကပ်နေလျက်ရှိသည်။

ယခုကဲ့သို့ မြို့သိမ်းစစ်ဆင်ရေးအတွင်း မြို့တွင်း၌ အရပ်သားထောင်ပေါင်းများစွာ ပိတ်မိနေမှုအပေါ် စိုးရိမ်ပူပန်နေမှုများကို ပြေငြိမ်းစေရေး အမေရိကန်သမ္မတ အိုဘားမားက ကြိုးပမ်းပေးနေခဲ့ပြီး လူသားချင်းစာနာမှု အကျပ်အတည်းတစ်ခုအောက် ကျရောက်လာပါက အဆင်သင့် ထောက်ပံ့ကူညီနိုင်ရေး လုပ်ဆောင်ထားကြောင်း ပြောကြားသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags