မိုဆူးလ်မြို့၌ အိုင်အက်စ်တို့ ထိုးစစ်ဆင်ခံ နေရခြင်းကြောင့် အရှေ့တောင်အာရှတွင်လည်း လုံခြံုရေးတပ်လှန့်ထားသင့်ဟု မလေးရှား ကာကွယ်ရေး ဝန်ကြီးပြော

မိုဆူးလ်မြို့၌ အိုင်အက်စ်တို့ ထိုးစစ်ဆင်ခံ နေရခြင်းကြောင့် အရှေ့တောင်အာရှတွင်လည်း လုံခြံုရေးတပ်လှန့်ထားသင့်ဟု မလေးရှား ကာကွယ်ရေး ဝန်ကြီးပြော

ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၈ ။         ။ အီရတ်နိုင်ငံရှိ အိုင်အက်စ်တို့၏ အမာခံဖြစ်သော မိုဆူးလ်မြို့တွင် အီရတ်တပ်ဖွဲ့ဝင်များက ထိုးစစ်များ ဆင်နွှဲလျက်ရှိသဖြင့် အရှေ့တောင်အာရှ အနေဖြင့်   ဒေသအား လုံခြုံကာကွယ်ရေးအတွက် ကြိုတင်လုပ်ငန်းစဉ်များအား ဆောင်ရွက်ထားသင့်ကြောင်း မလေးရှားကာကွယ်ရေးဝန်ကြီးက အောက်တိုဘာ ၁၇ ရက်၌ ပြောသည်။

အောက်တိုဘာ ၁၇ ရက်က ပါလီမန်တွင် ကာကွယ်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်က သတင်းထောက်များအား ပြောရာတွင် အီရတ်နှင့် အိမ်နီးချင်း ဆီးရီးယားတို့မှ အခြေမလှသည့် အိုင်အက်စ်အဖွဲ့ဝင်   ထောင်ပေါင်းများစွာက အရှေ့တောင်အာရှသို့ ရောက်ရှိလာဖွယ်ရှိကြောင်း ပြောသည်။

“ပြည်တွင်း ထောက်လှမ်းရေးနဲ့ နိုင်ငံတကာထောက်လှမ်းရေးတွေရဲ့ ကျွန်တော့်ဆီ သတင်းပေးချက်တွေအရ အိုင်အက်စ်အဖွဲ့တွေ ပျံ့နှံ့သွားတာက အရေအတွက် မသေးဘူး။ သူတို့က နိုင်ငံရင်းဆီ   ပြန်လာတာ၊ ပြင်သစ် ဒါမှမဟုတ် အခြားနိုင်ငံတွေဆီ သွားကြတာ၊ သူတို့အတွက် သေချာလုံခြုံတဲ့ နေရာကို ရွေးမှာပဲ။ ဒါကြောင့် ကျွန်တော်တို့တွေအနေနဲ့ ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အသေအချာ ချမှတ်ထားရမည်ဖြစ်တယ်။”ဟု ၎င်းက ပြောသည်။

“အိုင်အက်စ်တွေ ပျံ့နှံ့လာမယ့် အရေအတွက်ကို အတိအကျတော့ မသိရသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ ဒေသတွင်းမှာ အရေအတွက်ကြီးကြီးမားမား ပျံ့နှံ့ရောက်ရှိလာနိုင်လို့ ကြိုတင်ကာကွယ်မှုတွေကို လုပ်ဆောင်ထားရမှာဖြစ်တယ်။”ဟု ကာကွယ်ရေးဝန်ကြီးက ပြောသည်။

ထိုခြိမ်းခြောက်မှုကြောင့် အားကောင်းသည့် မဟာမိတ်များ ရှိထားရန်လည်း အလွန်အရေးကြီးနေပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။ မလေးရှားကာကွယ်ရေးဝန်ကြီး ဟီရှမ်မူဒင်ဟူစိန်သည် အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တွန်ကာတာနှင့် တွေ့ဆုံခဲ့သကဲ့သို့ ပြင်သစ်၊ တူရကီ ကာကွယ်ရေးဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဒေသတွင်း၌ မလေးရှားနိုင်ငံသည် အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်တို့နှင့် ခိုင်မာသည့်စစ်ရေးဆိုင်ရာ ဆက်ဆံမှုကို ဖော်ဆောင်ထားသည်။ အဆိုပါ သုံးနိုင်ငံက အဘူဆေယက်ဖ် စစ်သွေးကြွများ   သောင်းကျန်း လျက်ရှိသော ဆူလူပင်လယ်တွင် ပူးပေါင်းကင်းလှည့်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ဘရူနိုင်းနိုင်ငံကိုလည်း အဆိုပါ ကင်းလှည့်မှုတွင် ပူးပေါင်းပါဝင်ရန် မကြာမီ ကမ်းလှမ်းသွားရန်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags