မကြာမီ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးမည်ဟု ဘာစီလိုနာ ပရိသတ်များကို နေမာ ကတိပေး

မကြာမီ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးမည်ဟု ဘာစီလိုနာ ပရိသတ်များကို နေမာ ကတိပေး

အောက်တိုဘာ ၁၄၊ စပိန် ။          ။ ဘာစီလိုနာအသင်း၏ အဓိကတိုက်စစ်မှူးတစ်ဦးဖြစ်သည့် နေမာက မကြာမီအချိန်အတွင်း စာချုပ်သစ်တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း ဘာစီလိုနာပရိသတ် များကို ကတိပေးပြောကြားလိုက်သည်။

နေမာက ဘာစီလိုနာအသင်းကဲ့သို့ အဝတ်လဲခန်းအတွင်းစည်းလုံးညီညွတ်ပြီး တောင့်တင်းခိုင်မာသည့် အခြားအသင်းရှိနိုင်မည်မဟုတ်ကြောင်းလည်း ပြောဆိုခဲ့သည်။

၂၀၁၃ ခုနှစ်က ဆန်းတို့စ်မှ ဘာစီလိုနာသို့ရောက်ရှိလာသော နေမာသည် ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးရန် ပြီးခဲ့သည့် ဇူလိုင်လကတည်းက သဘောတူညီထားသည်ဟု သတင်းထွက်ပေါ် ခဲ့သော်လည်း ယခုအချိန်အထိ စာချုပ်သစ်တွင် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးပေ။ ယင်းအခြေအနေတွင် ၎င်းကို ဥရောပထိပ်သီးကလပ်များက စာချုပ်ပါလျော်ကြေးငွေ အတိုင်းပေးချေကာ ဘာစီလိုနာတွင် ရရှိနေသည့် လစာငွေထက် ပိုပေးပြီး ခေါ်ယူရန် ကြိုးပမ်းနေသည်ဆိုသည့် သတင်းများ အဆက်မပြတ် ထွက်ပေါ်လျက်ရှိသည်။

သို့သော် နေမာက ‘ဘယ်နေ့မှာ လက်မှတ်ထိုးဖြစ်မလဲဆိုတာ မသိသေးပါဘူး။ ဒါပေမဲ့ မကြာခင်မှာ လက်မှတ်ထိုးမှာပါ။ ဘာစီလိုနာအသင်းမှာ ကျွန်တော်အရမ်းပျော်ပါတယ်။ အရာရာက   ပြဇာတ်တစ်ပုဒ် လိုပါပဲ။ ဒီအသင်းက အရာရာအားလုံးကို နှစ်သက်ပါတယ်။

ဘာစီလိုနာအသင်းပတ်ဝန်းကျင်အခြေအနေကို အရမ်းကြိုက်ပါတယ်။ အားလုံးက ရင်းနှီးတဲ့သူငယ်ချင်းတွေပါ။ အဲ့ဒီလိုအနေအထားက တကယ်ကိုအေးချမ်းပါတယ်။ ဒါကတကယ်ကိုတောင့်တင်းတဲ့ အသင်းတစ်သင်းကို ရရှိစေပါတယ်။ ဒါကြောင့်ပဲ ပွဲတွေအများကြီး ကျွန်တော်တို့အနိုင်ရခဲ့တာပါ။ ဒီလိုအသင်းမျိုး ထပ်ရှာဖို့ ခက်ခဲပါလိ့မ်မယ်။ ဘာစီလိုနာလိုအသင်းမျိုး နောက်ထပ်မရှိနိုင်ပါဘူး’ ဟု ပြောဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly