အာစင်ဝင်းဂါး မရှိလည်း အာဆင်နယ် ရှင်သန်နိုင်သည်ဟု အမှုဆောင် အရာရှိချုပ် ဂါဇီဒစ် ပြောကြား

အာစင်ဝင်းဂါး မရှိလည်း အာဆင်နယ် ရှင်သန်နိုင်သည်ဟု အမှုဆောင် အရာရှိချုပ် ဂါဇီဒစ် ပြောကြား

အောက်တိုဘာ ၇၊ အင်္ဂလန် ။                ။ အာဆင်နယ်အသင်း၏ အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်က လန်ဒန်အခြေစိုက် ကလပ်အသင်းအနေဖြင့် နည်းပြအာစင်ဝင်းဂါး မရှိလည်း   ရှေ့ဆက်ရှင်သန်နိုင် သည်ဟု ပြောဆိုလိုက်သည်။

အာဆင်နယ်အသင်ကို ကိုင်တွယ်ခဲ့သည်မှာ နှစ် ၂၀ ရှိပြီဖြစ်သည့် အာစင်ဝင်းဂါး၏ စာချုပ်သက်တမ်းမှာ ယခုရာသီအကုန်တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။ ထိုကဲ့သို့အနေအထားတွင် ဂါဒီဒစ်က ယခုကဲ့သို့ ပြောဆိုလိုက်ခြင်းကြောင့် အာဆင်ဝင်းဂါးကို အင်္ဂလန်နည်းပြအဖြစ် ခန့်အပ်လိုနေသည့် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အတွက် မျှော်လင့်ချက်ကြီးမားလာခဲ့သည်။

ဂါဇီဒစ်က ‘အာဆင်နယ်အသင်းက အာစင်ဝင်းဂါးမဟုတ်ပါဘူး။ အာဆင်နယ်ဆိုတာ တစ်စုံတစ်ယောက်တည်းပေါ်မှာ တည်မှီနေတဲ့အသင်းမဟုတ်ပါဘူး’ ဟု ပြောဆိုခဲ့သည်။

ထို့အပြင် ဂါဇီဒစ်က အာစင်ဝင်းဂါး၏ အနာဂတ်နှင့် ပတ်သက်ပြီး အခြေအနေမှာ အေးအေးဆေးဆေးရှိနေပြီး အလောတကြီး လုပ်ဆောင်မည် မဟုတ်ကြောင်း ပြောသည်။ အာဆင်နယ်အသင်း၏ ဖလားလက်မဲ့အခြေအနေကြောင့် ပရိသတ်အချို့မှာ ဝင်းဂါးကို အသင်းမှ ထုတ်ပယ်ရန် အလိုရှိနေကြသည်။

‘အာစင်ဝင်းဂါးဘက်က ရှင်းလင်းသလို ကျွန်တော်တို့ဘက်ကလည်း ရှင်းပါတယ်။ သူအသင်းမှာ ဘယ်လောက်ကြာအောင် ဆက်ရှိနေဦးမလဲဆိုတာကတော့ နှစ်ဦးနှစ်ဖက်စလုံး အကျိုးရှိစေမယ့် ဆုံးဖြတ်ချက် ချမှတ်သွားမှာ ဖြစ်ပါတယ်’ ဟု ဂါဇီဒစ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း မယ်ရာ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly