ဆီးရီးယားမြောက်ပိုင်းတွင် အိုင်အက်စ်တို့၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂၅ ထက်မနည်း သေဆုံး

ဆီးရီးယားမြောက်ပိုင်းတွင် အိုင်အက်စ်တို့၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် ၂၅ ထက်မနည်း သေဆုံး

အောက်တိုဘာ ၆ ။              ။ ဆီးရီးယား-တူရကီ နယ်စပ်တွင် အောက်တိုဘာ ၆ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွား၍  အနည်းဆုံးလူ ၂၅ ဦး သေဆုံးသွားကြောင်းနှင့် အများစုမှာ   နိုင်ငံခြားကျောထောက်   နောက်ခံ ဆီးရီးယားသူပုန်များ ဖြစ်ကြကြောင်း သိရသည်။ အလားတူ ယင်းဖြစ်စဉ်တွင် ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိသွားသည်ဟု မျက်မြင်များက ပြောသည်။

တစ်ချိန်တည်းမှာပင် အဆိုပါ တိုက်ခိုက်မှုကို မိမိတို့ လုပ်ဆောင်ခဲ့ကြောင်း အစ္စလမ္မစ် နိုင်ငံတော် အိုင်အက်စ်အုပ်စုက ထုတ်ဖော်ပြောကြားသွားသည်။

ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့၏ အဆိုအရမူ ယင်းတိုက်ခိုက်မှုတွင် အနည်းဆုံး သေဆုံးသူဦးရေ ၂၁ ဦးရှိသည်ဟု သိရသည်။

ယခုဖြစ်စဉ်တွင် တူရကီစစ်တပ်၏ ထောက်ပံ့မှုဖြင့် နယ်စပ်တစ်လျှောက်တွင် ဂျီဟတ်ဒစ်အုပ်စုကို တိုက်ခိုက်နေသော သူပုန်အဖွဲ့အပေါ် အိုင်အက်စ်တို့က ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်များက ပြောသည်။

ယခု ဗုံးခွဲတိုက်ခိုက်မှု အလက်ပိုမြို့ အနောက်ဘက် ဆီးရီးယားနိုင်ငံဘက်ခြမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သေဆုံးသူ အများစုမှာ တူရကီတို့ ကျောထောက်နောက်ခံ ပြုထားသော အဖွဲ့များနှင့်အတူ လက်တွဲတိုက်ခိုက်နေသော ဖာလက်အယ်လ်ရှမ် အုပ်စုမှ သူပုန်တပ်သားများ ဖြစ်ကြသည်ဟု သိရသည်။

လက်ရှိအချိန်တွင်မူ အိုင်အက်စ်အုပ်စုသည် ဘက်ပေါင်းစုံမှ အဖွဲ့အစည်းများနှင့် တိုက်ခိုက်နေလျက်ရှိပြီး ယင်းတို့ထဲတွင် ဆီးရီးယားအစိုးရ၊ ပြည်ပနိုင်ငံများ၏ ကျောထောက်နောက်ခံပြုထားသော သူပုန်အဖွဲ့များနှင့် အခြားသော အမေရိကန် ထောက်ပံ့ပေးထားသော အဖွဲ့များ ပါဝင်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly