အောက်တိုဘာ ၁၊ မန်ချက်စတာ။ ။ မန်စီးတီးအသင်း အနေဖြင့် ပိုကောင်းလာရန်သာရှိကြောင်း ပရီးမီးယားလိဂ်ပြိုင်ဘက်များကို ဂွာဒီယိုလာကသတိပေးလိုက်ပြီး အသင်းတွင် သုံးနှစ်ထက် ပိုနေမည်ဟုလည်း အရိပ်အမြွက်ပြောသည်။
စပိန်လူမျိုးနည်းပြသည် စီးတီးကို စတင် တာဝန်ယူကတည်းက မန်ချက်စတာဒါဘီတွင် ခါးသီးပြိုင်ဘက် မန်ယူကို အိုးထရက်ဖို့ဒ်၌ ၂-၁ ဖြင့်အနိုင်ရခြင်း အပါအဝင် ပရီးမီးယားလိဂ် ခြောက်ပွဲစလုံး အနိုင်ရကာ အင်္ဂလန် ဘောလုံးလောကကို မုန်တိုင်းထန်စေခဲ့သည်။
ယင်းမှာအစပင်ရှိသေးပြီး စီးတီးအသင်း ပိုကောင်းလာဦးမည် ဖြစ်ကြောင်း ဂွာဒီယိုလာက ပြောသည်။ သို့သော် စီးတီးအနေဖြင့် အဆင့်အတန်း တစ်ခုသို့ရောက်ရန် နှစ်ရှည်စီမံကိန်း ချရမည်ဖြစ်ကြောင်း၊ ထိပ်တန်းအသင်းများမှာ အချိန်ယူ တည်ဆောက်ရ ကြောင်းပြောသည်။
ဘာစီလိုနာကို လေးနှစ်၊ ဘိုင်ယန်မြူးနစ်ကို သုံးနှစ်ကိုင်တွယ်ခဲ့သော ဂွာဒီယိုလာသည် မန်စီးတီးအသင်းနှင့် သုံးနှစ် စာချုပ် ချုပ်ဆိုထားသည်။
“ကျွန်တော်ဒီမှာ သုံးနှစ်ကြာတဲ့အခါ အသင်းကအခုထက်ပိုကောင်းလာလိမ့်မယ်။ ကျွန်တော့်ကိုယုံပါ။ နည်းပြသစ်တစ်ယောက် အနေနဲ့ အခုလိုနိုင်ပွဲတွေအများကြီးရနေတာက စိတ်အားထက်သန်မှုကြောင့် ရနေတာပါ။
ဒါပေမဲ့ ကစားပုံငြိမ်ဖို့က ပြေးတာလျှော့ရမယ်။ ပိုပြီးတည်ငြိမ်ရမယ်။ အခွင့်အရေးတွေပိုဖန်တီးနိုင်ရမယ်။ အဲဒီအတွက် အချိန်လို တယ်။
ဘာစီလိုနာမှာ ပထမနှစ်တုန်းက ကျွန်တော်တို့ အရာရာတိုင်းကိုအောင်မြင်ခဲ့တယ်။ ဒါပေမဲ့ လေးနှစ်မြောက်ကျမှ ပိုကောင်းလာ တယ်။ ဘိုယန်မှာတုန်းကလည်း ပထမနှစ်တုန်းကထက် တတိယနှစ်ကျမှ ပိုကောင်းလာတာ သံသယဖြစ်စရာမလိုဘူး။
ဒီမှာလည်း ဒုတိယနှစ်၊ တတိယနှစ်လောက်မှာပိုကောင်းလာမယ်လို့ အာမခံပါတယ်။ အခုရလဒ်တွေက ပြီးပြည့်စုံလုနီးပါး အခြေအနေဆိုပေမယ့် ကျွန်တော်တို့လိုချင်တဲ့လမ်းကြောင်းအတွက်ကတော့ အချိန်လိုပါတယ်။
ခြောက်ပွဲကနေ ခုနစ်ပွဲ၊ ရှစ်ပွဲဆက်နိုင်လာရင် လူတွေနဲ့ မီဒီယာတွေက တစ်ရာသီအတွင်း ဖလားလေးလုံးအကြောင်း ပြောလာကြတော့မယ်။
အင်္ဂလန်မှာ အဓိကဆုဖလား လေးလုံး ဘယ်နှစ်ကြိမ်ရဖူးကြလဲ။ ဇီးရိုးပါပဲ။ ကျွန်တော့်ရဲ့ ပထမနှစ်အတွင်းမှာဆိုရင် ပိုခက်တာပေါ့။ ဒါပေမဲ့ နောက်နှစ်၊ နောက်ဆုံးနှစ်မှာတော့ ကျွန်တော်တို့ ပိုကောင်း လာမှာပါ”ဟု ဂွာဒီယိုလာက ပြောသည်။
Ref; goal.com