ခန္တီးနှင့် မုံရွာ အမြန်ရေယာဉ် ပြေးဆွဲခွင့်ပြုရန် ဒေသခံများ တောင်းဆိုနေ

ခန္တီးနှင့် မုံရွာ အမြန်ရေယာဉ် ပြေးဆွဲခွင့်ပြုရန် ဒေသခံများ တောင်းဆိုနေ

ခန္တီး၊ စက်တင်ဘာ ၂၆ ။          ။ စစ်ကိုင်းတိုင်း ဒေသကြီး၊ ခန္တီးခရိုင်၊ ခန္တီးမြို့နယ်ဒေသခံများက ခန္တီးမြို့နှင့် မုံရွာမြို့ကို အမြန်ရေယာဉ် တိုက်ရိုက် ပြေးဆွဲ ခွင့်ပေးရန် ကိစ္စအား အောက်တိုဘာလ ၃ ရက်တွင် ကျင်းပမည့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်တွင် မေးခွန်းမေး မြန်းသွားမည်ဟု ခန္တီးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်းက မဇ္ဈိမကို ပြောသည်။

ဒေသခံများက စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ထံတောင်းဆိုမှုများပြုလုပ်နေသော်လည်း စက်တင်ဘာလ ၂၆ ရက် နေ့အထိ အကြောင်းမထူးသောကြောင့် ယခုကဲ့သို့ မေးခွန်းမေးမြန်းရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

"ဒေသခံတွေ လိုအပ်ချက်ကို လွှတ်တော်မှာ မေးမြန်းဖို့ မေးခွန်းတင်ထားပါတယ်။ တကယ်လိုအပ်ပါတယ်။ ဒေသခံတွေ က တိုင်းအစိုးရ အဖွဲ့ကို စာတင်ပြီးတောင်းဆိုတယ်။ ဒါပေမယ့်အစိုးရအဖွဲ့က အကြောင်းမပြန်လို့ အခုလာမယ့် လွှတ် တော်မှာ မေးမြန်းဖို့လုပ်တာပါ " ဟု ခန္တီးမြို့နယ်၊မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦး သိန်းလှိုင် ဝင်းက ပြောသည်။

ဒေသခံများသည် ခန္တီးနှင့်မုံရွာ အမြန်ရေယာဉ် တိုက်ရိုက်ပြေးဆွဲခွင့်ပြုရန် သြဂုတ်လ ၂၄ ရက်မှ စတင်တောင်းဆို ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံ ကိုအောင်ဆန်းမြင့်က ဆိုသည်။

"ကျွန်တော်တို့မှာ ကုန်စည် စီးဆင်းမှုကအစ နှောင့်နှေးတယ်။ခရီးသွားတဲ့သူတွေလည်း ဒုက္ခရောက်တယ်။ ခန္တီးနဲ့ ဟုမ္မ လင်း ရှိတယ်။ ဟုမ္မလင်း မုံရွာတိုက်ရိုက်ရှိတယ်။ ကျွန်တော်တို့ ခန္တီးနဲ့မုံရွာ တိုက်ရိုက်မရှိဘူး။ အဲလိုကျတော့ ခန္တီး၊ ဟုမ္မ လင်း တစ်ညအိပ်ပြီးမှ ဟုမ္မလင်းကနေ မုံရွာကို ဆက်သွားရတယ်။ ဒါကြောင့် ကျွန်တော်တို့က တိုက်ရိုက် တောင်းတာပါ။ ပြေးဆွဲခွင့် ပေးဖို့ပဲလိုတယ်။ ပြေးဆွဲမယ့်ရေယာဉ်က ရှိပါတယ်။ အစိုးရအဖွဲ့က မပေးတော့ ခက်နေတယ်" ဟု ကိုအောင် ဆန်းမြင့်က ပြောသည်။

ခန္တီးမြို့ဒေသခံအများစုသည် ခန္တီးမြို့နှင့် မုံရွာမြို့ ရေယာဉ်တိုက်ရိုက်ပြေးဆွဲခွင့် ရရှိစေရန်အတွက် ဆက်လက် ကြိုးစားသွားမည်ဟု ဆိုကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly