ဂိုးသမား ရှမိုက်ကယ် ဒဏ်ရာရနေ၍ လက်စတာအသင်း အခက်ကြံု

ဂိုးသမား ရှမိုက်ကယ် ဒဏ်ရာရနေ၍ လက်စတာအသင်း အခက်ကြံု

စက်တင်ဘာ ၂၄၊ လက်စတာ။                 ။ အသင်း၏ အားထားရသောဂိုးသမား ရှမိုက်ကယ် ဒဏ်ရာကြောင့် အနားယူရမည်ဖြစ်၍ လက်စတာအသင်းမှာ အခက်အခဲနှင့် ရင်ဆိုင်ရဖွယ်ရှိနေသည်။

ကက်စပါရှမိုက်ကယ်သည် မန်ယူအသင်းနှင့်ကစားရမည့် အဝေးကွင်းပွဲစဉ်သို့လိုက်ပါနိုင်ခြင်းမရှိသည့်အပြင် သုံးပတ်ခန့် အနားယူရဖွယ်ရှိနေသည်။

ယင်းမှာ အိုးထရက်ဖို့ဒ်တွင်ပရီးမီးယားလိဂ်ပွဲကစားပြီး လာမည့်တစ်ပတ်အင်္ဂါတွင် ပေါ်တိုနှင့် ချန်ပီယံလိဂ်ကစားရမည့် လက်စတာအသင်းအတွက် ထိုးနှက်ချက်တစ်ရပ်ပင်ဖြစ်သည်။

ရှမိုက်ကယ်သည် ပေါင်ခြံဒဏ်ရာရခဲ့သဖြင့် ယခုလအစောပိုင်းက ခွဲစိတ်ကုသမှုခံယူခဲ့ရသည်။ သို့ဖြစ်ရာ ပြီးခဲ့သည့်တစ်ပတ်က ဘန်လေကိုအနိုင်ရသည့်ပွဲကိုလည်း လွဲချော်ခဲ့ရသည်။

ရှမိုက်ကယ်သည် ပြီးခဲ့သည့်ရာသီက လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်ခဲ့ရာတွင် အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့ သကဲ့သို့ ဒုတိယဂိုးသမား ရောဘတ်ဇီလာမှာ ပရီးမီးယားလိဂ်တွင် အသားကျရန် လိုအပ်နေသေးသဖြင့် လက်စတာအသင်းမှာ အခက်ကြုံရဖွယ်ရှိနေခြင်းဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly