မန်ယူနည်းပြ အနေဖြင့် အာစင်ဝင်းဂါးနှင့် ယဉ်ကျေးသော ဆက်ဆံရေးရှိဟု မော်ရင်ဟိုပြော

မန်ယူနည်းပြ အနေဖြင့် အာစင်ဝင်းဂါးနှင့် ယဉ်ကျေးသော ဆက်ဆံရေးရှိဟု မော်ရင်ဟိုပြော

စက်တင်ဘာ ၂၄၊ မန်ချက်စတာ။          / မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ဟိုက ၎င်းအနေဖြင့် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးနှင့် ယဉ်ကျေးသော ဆက်ဆံရေးရှိသည်ဟု ပြောသည်။

အသက် ၅၃ နှစ်ရှိ မော်ရင်ဟိုသည် ချယ်လ်ဆီးအသင်းကိုနည်းပြစဉ်က ပြင်သစ်လူမျိုးဝင်းဂါးနှင့် အချင်းများလေ့ရှိခဲ့သည်။ စာအုပ်သစ်တွင်လည်း ဝင်းဂါး၏မျက်နှာကို ရိုက်ပစ်ချင်သည်ဟု ရေးသားထားသည်။

ယင်းနှင့်ပတ်သက်ပြီး အမှန်တကယ်ဟုတ်၊ မဟုတ်မေးမြန်းခံရရာတွင် မော်ရင်ဟိုက “မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျွန်တော်အာစင်ဝင်းဂါးနဲ့ တွေ့ခဲ့ပြီး ယဉ်ယဉ်ကျေးကျေးပဲ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။ စားပွဲတစ်ခုထဲမှာ အတူထိုင်ခဲ့ကြတယ်”ဟု ပြောသည်။

၂၀၁၄ ဖေဖော်ဝါရီတွင် အာဆင်နယ်နည်းပြအာစင်ဝင်းဂါးက အခြားပရီးမီးယားလိဂ်နည်းပြများသည် ရှုံးနိမ့်မည်ကိုကြောက်သဖြင့် ဖလားနောက်လိုက်နေသည်ဟု ပြောဆိုမှုကို မော်ရင်ဟိုက အာဆင်ဝင်းဂါးကို အထူးအရှုံးသမားဟု ပြန်လည်တုန့်ပြန်ခဲ့ဖူးသည်။

အာစင်ဝင်းဂါးနှင့်ပတ်သက်ပြီးမှတ်ချက်ကို ဂျာနယ်လစ်အားပြောပြခဲ့သည်ဆိုသည့် စာအုပ်သစ်တွင်ပါဝင်မည့် အကြောင်းအရာ ကိုလည်း မော်ရင်ဟိုက ငြင်းဆန်ခဲ့ပြီး “ရှိတ်စပီးယားဇာတ်လမ်းတွဲလို ဆက်ပြီးဖြစ်နေမယ်လို့ ကျွန်တော်မထင်ပါဘူး။ ပြီးတော့ ကျွန်တော်ဒီကိစ္စကို ထပ်ပြီး မပြောချင်တော့ဘူး။ ဒါနောက်ဆုံးစကားပါ။ အဲဒီသတင်းကိုအစပြုတဲ့သူက သူပိုက်ဆံရဖို့သူလုပ်နေ တာပါ”ဟု ပြောသည်။

ရောဘတ် ဘီယာစလေရေးသားပြီး မိုက်ကယ် အိုမာရာထုတ်ဝေသည့် မော်ရင်ဟို၏ JOSE MOURINHO: UP CLOSE AND PERSONAL အမည်ရ စာအုပ်သစ်မှာ စက်တင်ဘာ ၂၉ တွင်ဖြန့်ချိမည်ဖြစ်ပြီး မူရင်းရောင်းဈေးမှာ ၁၆ ဒသမ ၉၉ ပေါင် ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly