ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုနဲ့ ဘရက်ဒ်ပစ် စစ်ဆေးခံနေရ

ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုနဲ့ ဘရက်ဒ်ပစ် စစ်ဆေးခံနေရ

လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၂၃ ။         ။ ဟောလိဝုဒ်မင်းသမီး အိန်ဂျလီနာဂျိုလီ၏ ကွာရှင်းခွင့်တောင်းခံမှုအပြီးတွင် ဘရက်ဒ်ပစ်သည် သားသမီးများအပေါ် နှုတ်ဖြင့်ရော ကိုယ်ထိလက်ရောက်ပါ ညှင်းပန်းနှိပ်စက်မှုဖြင့် စွဲချက်တင်ခံခဲ့ရပြီး စစ်ဆေးခံနေရသည်။

ဘရက်ဒ်ပစ်သည် ယင်းစွဲချက်အတွက် အပြင်းအထန် လုပ်ဆောင်သွားမည်ဖြစ်ပြီး  အပြည့်အဝပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဘရက်ဒ်ပစ်နှင့် ရင်းနှီးသော သတင်းအရင်းမြစ်က ပြောကြားသည်။

“ ပြောဆိုချက်တွေဟာ ချဲ့ကားပြီး လုပ်ကြံပြောဆိုတာပါ။ဘရက်ဒ်ပစ်ဟာ သူရဲ့ကလေးတွေကို အမြဲတမ်းအကောင်းဆုံးတွေလုပ်ပေးတယ်။ နောက်ဆုံးမှာ ပြင်းထန်တဲ့ စွဲချက်တွေ လက်ခံရရှိပေမဲ့ ဘရက်ဒ်ပစ်ဟာ ကလေးတွေအတွက် ဘာပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ပေးဖို့ သာ အာရုံစိုက်နေဆဲဖြစ်ပါတယ်”ဟု သတင်းအရင်းမြစ်က ပြောကြားသည်။

ဘရက်ဒ်ပစ်သည်  စက်တင်ဘာ ၁၄ရက်က ကိုယ်ပိုင်လေယာဉ်ပေါ်တွင် အိန်ဂျလီနာဂျိုလီနှင့်  စကားများမှုအတွင်း သားသမီးများအနက် တစ်ဦးကို  ရုတ်ရင်းကြမ်းတမ်းသောစကားများပြောဆိုခဲ့သည့် အပြင် ကိုယ်ထိလက်ရောက် ညှင်းပန်းနှိပ်စက်ခဲ့ကြောင်း People မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ဘရက်ဒ်ပစ်ကို လေယာဉ်ပေါ်တွင်ဖြစ်ပွားခဲ့သည့် ယင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍  စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်လျက်ရှိကြောင်း  TMZ သတင်းဌာနက ဖော်ပြသည်။   ပြင်သစ်နိုင်ငံမှ ပြန်လာစဉ် လေယာဉ်ပေါ်တွင် ဖြစ်ပွားသည့် ဖြစ်ရပ်ဖြစ်သည့်အတွက် FBIသို့ လွဲပြောင်းပေးခဲ့ကြောင်း TMZ သတင်းဌာနက ပြောကြားသည်။

“FBI အနေနဲ့ အချက်အလက်တွေကို ဆက်လက်စုဆောင်းသွားမှာပါ။ စုံစမ်းစစ်ဆေးမှုတွေကိုလည်း လုပ်ဆောင်သွားမှာပါ”ဟု  FBI ပြောရေးဆိုခွင့်ရှိသူက  ယူအက်စ်အေတူဒေးသို့ ပေးပို့သော အီးမေးလ်တွင် ပြောကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags