ဘရာဇီး အိုလံပစ်ဟီးရိုး ဘာဘိုဆာကို အင်တာမီလန်အသင်း ခေါ်ယူ

ဘရာဇီး အိုလံပစ်ဟီးရိုး ဘာဘိုဆာကို အင်တာမီလန်အသင်း ခေါ်ယူ

စက်တင်ဘာ ၂၃၊ မီလန် ။                     ။ အင်တာမီလန်အသင်းသည် ဆန်းတို့စ်အသင်း တိုက်စစ်မှူး ဂါဘရီရယ်ဘာဘိုဆာကို ပြောင်းရွှေ့ကြေးပေါင် ၂၃ သန်းဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။ ဘာဘိုဆာသည် ဘရာဇီးအသင်း အိုလံပစ်ပြိုင်ပွဲတွင် အောင်မြင်ခဲ့ရာ၌ ၂ ဂိုးသွင်းယူပေးခဲ့ပြီး ခြေစွမ်းပြ ကစားနိုင်ခဲ့သူ ဖြစ်သည်။

မီလန်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲနှင့် လက်မှတ်ရေးထိုးပွဲ၌ ဘာဘိုဆာသည် အင်တာမီလန်အသင်း၏ ဂျာစီကို ကိုင်ပြီး မိသားစုဝင်များ၊ အသင်း၏ဂန္ထဝင်ကစားသမား ဇနက်တီတို့နှင့် ဓာတ်ပုံတွဲဖက်ရိုက်ကူးခဲ့သည်။

အင်တာမီလန်အသင်းသည် ဘာဘိုဆာကို ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ဘရာဇီး တိုက်စစ်မှူးမှာ အင်တာတွင် ကျောနံပါတ် ၉၆ ကို ဝတ်ဆင်ကစားမည်ဖြစ်သည်။ ထိုနံပါတ်မှာ အသက် ၂၀ အရွယ်ရှိ ဘာဘိုဆာ၏ မွေးသက္ကရာဇ်ဖြစ်သည်။

ဘာဘိုဆာသည် ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာအသင်းနှင့် သတင်းများထွက်ခဲ့သေးသော်လည်း နောက်ဆုံးအင်တာသို့ ရောက်ခဲ့ခြင်းဖြစ်သည်။ အင်တာနှင့် စာချုပ်ချုပ်ဆိုပြီးနောက်တွင် ဘာဘိုဆာက ‘ခင်ဗျားတို့ရဲ့ ချစ်ခင်မှုနဲ့ ဧည့်ဝတ်ကျေပွန်မှုအတွက် အင်တာမီလန်အသင်းနဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ပြုလုပ်ပေးတဲ့ ဘုရားသခင်ကိုလည်း ကျေးဇူးတင်ပါတယ်’ ဟု တွစ်တာတွင် ရေးသားခဲ့သည်။

ဘာဘိုဆာသည် ဆန်းတို့စ်အသင်းတွင် ကစားခဲ့သည့် လေးနှစ်အတွင်း ၅၆ ဂိုးသွင်းယူပေးခဲ့ပြီး အမှတ်ပေးဖလား ၂ ကြိမ် ရရှိခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly