အီးယူကို လက်ခလယ်ထောင်ပြကာ ဒူတာတေးက သူ့ဟာဖြင့် တိုင်း၍ ဆဲဆို

အီးယူကို လက်ခလယ်ထောင်ပြကာ ဒူတာတေးက သူ့ဟာဖြင့် တိုင်း၍ ဆဲဆို

ဘန်ကောက်၊ စက်တင်ဘာ ၂၁ ။          ။ ဖိလစ်ပိုင်နိုင်ငံအတွင်း ရာဇဝတ်မှုများအား အကြမ်းဖက် ဖြိုခွင်းမှုများကြောင့် လူသေဆုံးမှုများ များပြားနေခြင်းအား နိုင်ငံတကာက ဝေဖန်နေခြင်းကို သမ္မတ ဒူတာတေးက ပြန်လည်တုံ့ပြန်ခြင်းအဖြစ် ဥရောပသမဂ္ဂ အီးယူအား မရိုသေ့စကားများဖြင့် ဆဲဆိုတုံ့ပြန်လိုက်သည်။

ဖိလစ်ပိုင်၌ တရားလက်လွတ် ကွပ်မျက်သတ်ဖြတ်ခြင်းများ ကျရောက်နေပြီဟု အီးယူက ပြစ်တင်ရှုတ်ချလိုက်ခြင်းကို ဒူတာတေးက ဆတ်ဆတ်ထိမခံ ဆဲဆိုတုံ့ပြန်ရာ၌ ကိုယ်အမူအယာဖြင့်လည်း ရုန့်ရိုင်းသော လက္ခဏာဖြစ်သည့် လက်ခလယ်ထောင်ပြခြင်းဖြင့်လည်း အီးယူကို တုံ့ပြန်လိုက်သည်။

“သူတို့(အီးယူ)ကို ပြောမယ်။ ခင်ဗျားတို့တွေ လိင်ဆက်ဆံတာကို ခံလိုက်။ ခင်ဗျားတို့ အပြစ်တွေအတွက် ဒီလို ဆက်ဆံတာခံပြီးပဲ ဆေးကြောလိုက်။”ဟု စက်တင်ဘာ ၂၀ ရက် နှောင်းပိုင်းက ဒါဗာအိုမြို့တွင် ဒေသတာဝန်ရှိများနှင့် ပြောဆိုရာ ဒူတာတေးက ယခုကဲ့သို့ ပြောခဲ့ကြောင်း ABS-CBN ရုပ်သံက ဖော်ပြသည်။

အသက် ၇၁ နှစ်ရှိ ဒူတာတေးသည် ၎င်း၏ မူးယစ်ဆေးဝါးနှိမ်နှင်းမှုအား ပြည်ပနိုင်ငံများက ဝေဖန်မှုကို အလားတူ ကြမ်းတမ်းစွာ တုံ့ပြန်ခဲ့သူဖြစ်သည်။ အမေရိကန်သမ္မတ အိုဘားမားအား မိန်းမပျက်သားဟု ခေါ်ခဲ့သကဲ့သို့ ကုလသမဂ္ဂကိုလည်း ဆဲရေးခဲ့သူဖြစ်သည်။

ခြောက်လအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်မှုများအား အမြစ်ဖြတ်မည်ဟု ကြွေးကြော်လျက် မေလအတွင်းက ရွေးကောက်တွင် ဒူတာတေးက သောင်ပြိုကမ်းပြို အနိုင်ရခဲ့ခြင်းဖြစ်သည်။ ရာဇဝတ်မှုကျုးလွန်သူပေါင်း တစ်သိန်းအထိ သတ်ဖြတ်ပစ်မည်ဟုလည်း ကတိပေးထားသူဖြစ်သည်။

ဇွန် ၃၀ ရက်က သမ္မတ ဒူတာတေး ရာထူးရယူပြီးနောက်ပိုင်း ရာဇဝတ်မှုနှိမ်နှင်းရေးတွင် လူပေါင်း ၃၀၀၀ နီးပါး သတ်ဖြတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly