စပိန်မြေကို ပြန်သွားချင်တယ်လို့ ပြောဆိုလိုက်တဲ့ ကော်တိုရစ်

စပိန်မြေကို ပြန်သွားချင်တယ်လို့ ပြောဆိုလိုက်တဲ့ ကော်တိုရစ်
(ဓာတ်ပုံ - အီးပီအေ)

ကော်တိုရစ်က ချယ်လ်ဆီးနဲ့ စာချုပ်သစ်အတွက် လက်မှတ်ထိုးဖို့ မသေချာသေးပဲ အနာဂတ်မှာ စပိန် လာလီဂါဆီ ပြန်သွားလိုကြောင်း ဝန်ခံပြောဆိုလိုက်ပါတယ်။

ဂိုးသမား ကော်တိုရစ်ဟာ ၂၀၁၁ ခုနှစ်က Genk အသင်းမှ ချယ်လ်ဆီးအသင်းဆီ လာရောက် ပူးပေါင်းခဲ့ပြီး ချက်ချင်းဆိုသလို အက်သလက်တီကိုအသင်းသို့ (၃) ရာသီ အဌားနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် (၂၄) နှစ်အရွယ် ကော်တိုရစ်ဟာ အက်သလက်တီကိုအသင်းမှာ အဓိက အခန်းကဏ္ဍမှာ ပါဝင်ခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ ယူရိုပါလိဂ်ဖလားနှင့် ၂၀၁၃ မှာ စပိန်ဘုရင့်ဖလား ရရှိခဲ့သလို ၂၀၁၄ မှာ လာလီဂါအမှတ်ပေးဖလားကိုလည်း ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။

"ကျနော် အေတီကို နှုတ်ဆက်ခဲ့တဲ့အချိန်က အရမ်းခက်ခဲတဲ့ အချိန်ပါ။ ဒါဟာ မလွယ်ကူပါဘူး။ ကျနော် ငိုခဲ့ပါတယ်။ အေတီကိုက မိသားစုဆန်တဲ့ ကလပ်ပါ။ သူတို့ရဲ့ မေတ္တာတွေကို အခုချိန်ထိ ခံစားနေရတုန်းပါပဲ။"

အက်သလက်တီကိုဆီ တကယ် ပြန်သွားဖို့ စိတ်ဝင်စားသလားလို့ မေးမြန်းရာမှာ သူက "ပြန်ချင်တာပေါ့။ ကလပ်အသင်းမှ မဟုတ်ပါဘူး မက်ဒရစ်မြို့ကိုရော၊ စပိန်နိုင်ငံမှာပါ နေရတာကို နှစ်သက်လို့ပါ။ စပိန်မြေမှာ စပြီးအခြေချကတည်းက ကျနော် သူတို့ရဲ့ နေထိုင်မှုစတိုင်တွေ၊ အစားအသောက်တွေ .... ကို နှစ်သက်ခဲ့တာပါ။ အခုချိန်ထိ ညစာဆို စပိန်စာ စားနေတုန်းပါပဲ။ ကျနော်က စပိန်တစ်ဝက်ဖြစ်နေပါတယ်" လို့ ဆိုပါတယ်။

ဘယ်ဂျီယံဂိုးသမားက ၂၀၁၈ မှာ ချယ်လ်ဆီးနဲ့ စာချုပ်ကုန်ဆုံးတဲ့အခါ အသင်းကနေ အလွတ်ပြောင်းရွှေ့ဖို့ ကြိုးစားနိုင်တယ်လို့လည်း ဆိုပါတယ်။

"ကျနော် ချယ်လ်ဆီးနဲ့ စာချုပ်က သုံးနှစ်ကျန်ပါသေးတယ်။ ၂၀၁၈ မှာတော့ စာချုပ်ရဲ့ နောက်ဆုံးရာသီရောက်တဲ့အချိန်မှာ သက်တမ်းတိုးဖြစ်မလား အသင်းပြောင်းဖြစ်မလားဆိုတာ ကျနော်တို့ အကဲဖြတ်ကြည့်မှာပါ"လို့ ပြောဆိုသွားပါတယ်။

Ref; Goal

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly