အရန်ခုံတွင် မထိုင်လိုခြင်းကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်ဟု ဘရာဗို ဖွင့်ဟ

အရန်ခုံတွင် မထိုင်လိုခြင်းကြောင့် မန်စီးတီးသို့ ပြောင်းရွှေ့လာခြင်း ဖြစ်သည်ဟု ဘရာဗို ဖွင့်ဟ

စက်တင်ဘာ ၂၀၊ အင်္ဂလန် ။       ။ ဘာစီလိုနာအသင်း၏ အရန်ခုံတွင် မထိုင်လိုသည့်အတွက် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့လာရခြင်းဖြစ်ကြောင်း ချီလီလက်ရွေးစင် ဂိုးသမား ဘရာဗိုက ဖွင့်ဟ ပြောဆိုလိုက်သည်။

ဘရာဗိုသည် ဘာစီလိုနာအသင်းတွင် ကစားခဲ့စဉ်က လာလီဂါပွဲစဉ်များ၌ ပထမဦးစားပေး ဂိုးသမားအဖြစ် ပွဲထွက်ခွင့်ရသော်လည်း ဂျာမန်ဂိုးသမား တာစတီဂန်မှာ ဖလားပွဲများတွင် ပွဲထွက်ခွင့်ပေးခဲ့ရသည်။

သို့သော် ယခုရာသီတွင် ဘာစီလိုနာနည်းပြ အင်းနရစ်က တာစတီဂန်သည် ပထမဦးစားပေး ဂိုးသမားဖြစ်ကြောင်း ပြောဆိုလာသည့်အတွက် ဘရာဗိုမှာ လက်မခံနိုင်ခဲ့ဘဲ အသင်းပြောင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

‘ဘာစီလိုနာမှာ ပထမကစားသမားနေရာက ကျွန်တော်အတွက် မဟုတ်ပါဘူး။ တာစတီဂန်အတွက်ပါ။ အသင်းက ကျွန်တော့်ကို အဲ့ဒီလို အသိပေးလာတဲ့အတွက် ကိုယ့်အနေအထားကိုယ် နားလည်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ရှင်းပါတယ်။ အရန်ခုံမှာ မထိုင်လိုပါဘူး။ အသင်းကလည်း နားလည်ခဲ့ပါတယ်။

ဘာစီလိုနာအတွက် တတ်နိုင်သလောက် အကောင်းဆုံး ပေးဆပ်ခဲ့တာပါ။ သတင်းတွေမှာ ဖော်ပြနေသလို တာစတီဂန်နဲ့ အဆင်မပြေဘူးဆိုတာ မဟုတ်ပါဘူး။ ဘယ်တုန်းကမှ ပြဿနာမရှိခဲ့ပါဘူး။ ပထမဂိုးသမား နေရာအတွက် ပြိုင်ဆိုင်ရလို့ နှစ်ယောက်စလုံးအတွက် အကျိုးရှိခဲ့ပါတယ်’ ဟု ဘရာဗိုက ပြောဆိုခဲ့သည်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly