ကစားသမားအချို့ ဖိအားဒဏ် အလွန်ခံစားနေရကြောင်း မော်ရင်ဟို ပြော

ကစားသမားအချို့ ဖိအားဒဏ် အလွန်ခံစားနေရကြောင်း မော်ရင်ဟို ပြော

စက်တင်ဘာ ၁၉၊ အင်္ဂလန် ။      ။ ဝက်ဖို့ဒ်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက်တွင် မန်ယူနည်းပြ မော်ရင်ဟိုက ၎င်းအနေဖြင့် ရှုံးနိမ့်မှုအတွက် စိုးရိမ်ပူပန်မှု မရှိသော်လည်း ကစားသမားအချို့မှာ ဖိအားဒဏ်အလွန်ခံနေရကြောင်း ပြောဆိုလိုက်သည်။

ဝက်ဒ်ဖို့ဒ်အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းသည် မန်ယူအသင်းအတွက် သုံးပွဲဆက်တိုက် ရှုံးနိမ့်မှုဖြစ်သလို မော်ရင်ဟို၏နည်းပြဘဝတွင် ၂၀၀၂ ခုနှစ် ပေါ်တိုနည်းပြအဖြစ်ရှိနေစဉ်အချိန်ကစလို့ ယခုအချိန်အထိ ပထမဆုံး သုံးပွဲဆက်ရှုံးနိမ့်မှု ဖြစ်သည်။ ထို့အပြင် မန်ယူအသင်းအနေဖြင့် ဝက်ဖို့ဒ်အသင်းကို ၁၉၈၆ ခုနှစ်နောက်ပိုင်း ပထမဆုံး ရှုံးနိမ့်ရခြင်းလည်း ဖြစ်သည်။

‘အခုအချိန်မှာ ကျွန်တော်တို့ကို အကောင်းမြင်တတ်ပြီး ယုံကြည်မှုတွေပေးနိုင်တဲ့ ပုဂ္ဂိုလ်မျိုး လိုအပ်နေပါတယ်။ ကစားသမားတွေက နောက်ပွဲမှာလည်း ဒီဖိအားကြီးနဲ့ ကစားကြရပါလိ့မ်မယ်။

အသင်းက အချို့ ကစားသမားတွေဟာ သူတို့မှာ တာဝန်အများကြီးရှိတယ်ဆိုပြီး ဖိအားဒဏ်ကို အလွန်ခံစားနေရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကိုယ်တိုင်ပြုလုပ်ခဲ့ကြတဲ့ အမှားတွေကနေ ရုန်းထွက်ပြီး တိုးတက်လာမှာပါ။

ကျွန်တော် ဝမ်းနည်းပါတယ်။ တကယ်ကို စိတ်မကောင်းတာပါ။ ဒါပေမဲ့ ဒီအခြေအနေဆိုးကနေ ရုန်းထွက်ဖို့ နည်းလမ်းက တစ်ခုတည်းရှိတယ်လို့ ကစားသမားတွေကို ပြောခဲ့ပြီးပါပြီ။ အဲ့ဒါကတော့ မနက် ၁၀ နာရီခွဲမှာ လေ့ကျင့်ရေးကွင်းကိုလာ ပြီးရင် လေ့ကျင့်ရေးကို ပြင်းပြင်းထန်ထန်ပြုလုပ်ဖို့ပါပဲ’ ဟု မော်ရင်ဟိုက ပြောဆိုခဲ့သည်။

မန်ယူကွင်းလယ်ကစားသမား ဖယ်လိုင်နီက ၎င်းတို့အသင်းမှာ ယုံကြည်မှုများပျောက်ဆုံးနေပြီး ခက်ခဲသည့်ကာလဖြစ်ကြောင်း ဝန်ခံခဲ့သည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly