လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၁၇ ။ ။ ကမ္ဘာကျော် အဆိုတော် ဂျေလိုသည် စကော့တလန်ဒီဂျေသမား ကာလ်ဗင်ဟားရစ်နှင့် တွဲခုတ်နေသည်ဟု ကောလဟာလ သတင်းများ ထွက်ပေါ်နေသော်လည်း ယင်းသတင်းများကို လျစ်လျူ ရှုကာ NBC ရုပ်သံ၏ ဒရမ်မာဇာတ်ကား “ Shade of Blue”ကို ဆက်လက် ရိုက်ကူးလျက်ရှိသည်။
အသက် ၄၇ နှစ် အရွယ်ရှိ ဂျေလို နှင့် တေလာဆွစ်ဖ်၏ ရည်စားဟောင်းဖြစ်သူ အသက် ၃၂ နှစ်အရွယ် ကာလ်ဗင်ဟားရစ် တို့သည် လက်စ်ဗီးဂက်စ် ဟိုတယ်တွင် တေးသီချင်းအတွက် အလုပ်အတူ လုပ်ရန်ဟု အကြောင်းပြကာ အတူအချိန်ကုန်ဆုံးခဲ့ကြောင်း National Enquirer က ယခု သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ဂျေလိုသည် မကြာသေးမီက ကာလရှည် ပြတ်လိုက်ဆက်လိုက်ဖြစ်နေသော အသက်၂၉နှစ်အရွယ် ကက်စပါစမက်နှင့် လမ်းခွဲခဲ့သည်။ ကာလ်ဗင်သည် တေလာနှင့် ၁၅လကြာ တွဲခဲ့ပြီးနောက် မေလက လမ်းခွဲခဲ့သည်။
ကာလ်ဗင်ဟားရစ်သည် လက်စ်ဗီးဂက်စ်မြို့တွင် ဇွန်လက ကျင်းပပြုလုပ်သော ဂျေလို၏ အသက် ၄၇ နှစ်ပြည့် မွေးနေ့ပွဲကို တက်ရောက်ခဲ့ပြီး တေးဂီတအတွက် ပူးပေါင်းလုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။