စတန်းဖို့ဒ် ဘရစ်ချ်မှာ ကလော့ပ်ရဲ့ လီဗာပူးလ် အနိုင်ရ၊ ပထမဆုံး ရှုံးပွဲတွေ့တဲ့ ကွန်တီ

စတန်းဖို့ဒ် ဘရစ်ချ်မှာ ကလော့ပ်ရဲ့ လီဗာပူးလ် အနိုင်ရ၊ ပထမဆုံး ရှုံးပွဲတွေ့တဲ့ ကွန်တီ
(ဓာတ်ပုံ - အီးပီအေ)

စနေနေ့ မနက်အစောပိုင်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်က အဝေးကွင်းမှာ ချယ်လ်ဆီးကို နိုင်ပြီး နည်းပြ ကွန်တေအနေနဲ့ ပထမဆုံး ရှုံးပွဲတွေ့ခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ လီဗာပူးလ်အသင်းကတော့ အရှိန်အဟုန်ကောင်းကောင်းနဲ့ ဆက်လက် ချီတက်ခဲ့သလို အမှတ်ပေးဇယားထိပ်ဆုံး (၄) နေရာထဲ ဝင်ရောက်နိုင်ခဲ့ပါတယ်။

လီဗာပူးနည်းပြ ယာဂန် ကလော့ပ်ရက ပြီးခဲ့တဲ့ ရာသီ စတန်းဖို့ဒ် ဘရစ်ချ်မှာ အနိုင်ရခဲ့သလို ဒီနှစ်မှာလည်း (၃) မှတ် အပြည့်အဝ ရယူနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ လီဗာပူးလ်က အာဆင်နယ်ကို အဝေးကွင်းမှာနိုင်ခဲ့ပြီး ပွဲစဉ် (၃) မှာ စပါးကို သရေကျခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က အိမ်ကွင်းမှာ လက်ရှိချန်ပီယ့ လက်စတာကို (၄-၁) ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိထားပါတယ်။

ဒီပွဲမှာ လီဗာပူးလ်က ချယ်လ်ဆီးကို ပထမပိုင်းမှာတင် (၂)ဂိုးနဲ့  အသာယူနိုင်ခဲ့ပါတယ်။ (၁၇)မိနစ်မှာ ကော်တင်ညိုပေးတာကို နောက်ခံလူ လိုဗရန်က အပြင်းကန်သွင်းယူခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့  (၃၆)မိနစ်မှာ အသင်းခေါင်းဆောင် ဟန်ဒါဆင်က (၂၅) ကိုက်အကွာကနေ သွင်းယူပြီး (၂)ဂိုး အသာနဲ့ ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ချယ်လ်ဆီးက ပထမပိုင်းထက် ကစားပုံပိုကောင်းခဲ့ပြီး  ချေပဂိုးရရှိခဲ့ပါတယ်။ မာတစ်ရဲ့ ပေးပို့မှုကနေ (၆၁)မိနစ်မှာ ဒီယေဂိုကော့စတာက သူ့ရဲ့ ဒီရာသီ (၅)ဂိုးမြောက် ဂိုးကို သွင်းယူခဲ့ပါတယ်။ နောက်ပိုင်းမိနစ်တွေမှ ကွန်တေဟာ ဖာဘရီဂတ်စ်၊ မိုဆက်စ်၊ ပတ်ဒရိုတို့ကို တစ်ပြိုင်နက်တည်း ထည့်ခဲ့ပေမယ့် လူစားလဲလှယ်မှု နောက်ကျခဲ့လို့ အခုလို အိမ်ကွင်းမှာ(၁-၂)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး သူ့ရဲ့ပထမဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly