မန်ယူတွင် ပေါ့ဂ်ဘာ ကစားနေရသည့် အနေအထားကို ပေါလ်စခိုး မေးခွန်းထုတ်

မန်ယူတွင် ပေါ့ဂ်ဘာ ကစားနေရသည့် အနေအထားကို ပေါလ်စခိုး မေးခွန်းထုတ်

စက်တင်ဘာ ၁၆၊ အင်္ဂလန် ။           ။ မန်ယူအသင်း၏ ဂန္ထဝင်ကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးက လက်ရှိမန်ယူတွင် ပေါ့ဂ်ဘာကစားနေရသည့် အနေအထားကို နားမလည်ကြောင်းနှင့် ၎င်းကို ထိန်းချုပ်ကစားနိုင်မည့် ကစားသမားတစ်ဦး လိုအပ်နေကြောင်း ထောက်ပြပြောဆိုလိုက်သည်။

ထို့အပြင် ပေါလ်စခိုးက ပေါ့ဂ်ဘာအနေဖြင့် သူ၏မူလပုံစံအတိုင်း ရိုးရှင်းစွာကစားသင့်ကြောင်း အကြံပေး ပြောဆိုခဲ့သည်။

ပေါ့ဂ်ဘာသည် မန်ယူအသင်းနှင့် ပထမဆုံးပွဲဦးထွက်တွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း နောက်ဆုံးကစားခဲ့သည့် ပွဲစဉ် ၂ ပွဲတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရသည်။ ယခု ဖီယင်နုကို ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲမှာလည်း ပေါ့ဂ်ဘာ ခြေစွမ်းပြနိုင်ခြင်း မရှိခဲ့သည့် ပွဲဖြစ်သည်။

‘ပေါ့ဂ်ဘာအနေနဲ့ ပုံမှန်ခြေစွမ်းရဖို့ အနည်းငယ်ရုန်းကန်နေရတယ်။ ဒီညမှာလည်း သူနောက်တစ်ခါ ရုန်းကန်ခဲ့ရပြန်ပြီ။ ဒါက သူ့ရဲ့အကောင်းဆုံးပုံစံမဟုတ်သေးပါဘူး။ နည်းနည်း စောနေသေးပေမယ့် သူ့ရဲ့ပုံစံကောင်းကို မြင်ရမယ်လို့ ထင်ပါတယ်။

အခု ပေါ့ဂ်ဘာ ဘယ်နေရာမှာ ကစားနေတယ်ဆိုတာ ကျွန်တော်တကယ်မသိပါဘူး။ သူ့မှာ နေရာပုံသေရှိသလား။ သူကရော သူကစားချင်တဲ့နေရာကို နည်းပြကို ပြောသလား။

သူ့ပုံစံက နေရာတိုင်းကို လိုက်ကစားနေတဲ့ပုံပေါ်နေတယ်။ ဘောလုံးရထားတဲ့ အချိန်ဆိုရင်တော့ ပေါ့ဂ်ဘာ အရမ်းကြိုးစားတယ်လို့ ထင်တယ်။ ဘောလုံးရရင် သူ ဆွဲပြေးတယ်။ ပြီးတော့ သုံးလေးယောက်လောက်ကို ကျော်ဖြတ်ဖို့ ကြိုးစားနေတယ်။ တကယ်တော့ သူ့အနေနဲ့ ပုံမှန်အတိုင်း ရိုးရိုးရှင်းရှင်းကစားသင့်တယ်။

မန်ယူက ဝယ်ထားတဲ့ ကမ္ဘာ့စံချိန်တင်ကစားသမား ပေါ့ဂ်ဘာပုံစံကို မပေါက်ဘူး။ မန်ယူက ဝယ်ထားတာ မက်ဆီလည်း မဟုတ်ပါဘူး။ မန်ယူဝယ်ထားတဲ့ကစားသမားက   ဘောလုံးအထိန်းအသိမ်း   ကောင်းမွန်ပြီး ခွန်အားပြည့်ဝတဲ့ ကွင်းလယ်ကစားသမားပါ။ သူက ဘောလုံးကျွမ်းကျင်မှုမြင့်မားသလို ပြေးနိုင်လွှားနိုင်ပြီး တိုက်စစ်မှူးတွေကို ဖန်တီးမှုတွေလုပ်ပေးနိုင်တဲ့ ကစားသမားပါ’ ဟု ထောက်ပြ ဝေဖန်သွားခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly