အမှန်တကယ်ပြောင်းလဲဖို့ လိုနေသေးတဲ့ စက်ရုံအလုပ်သမားများဘဝ

အမှန်တကယ်ပြောင်းလဲဖို့ လိုနေသေးတဲ့ စက်ရုံအလုပ်သမားများဘဝ

အရေအတွက် များပြားလာတဲ့ အလုပ်သမားတွေက အစိုးရသစ်လက်ထက်မှာ အလုပ်သမားဥပဒေတွေ ပြုပြင်ပြောင်းလဲဖို့ မျှော်လင့်နေကြပါတယ်

ရန်ကုန် (Myanmar Now) ။                     ။ ရန်ကုန်မြို့ပြင် စက်ရုံတွေထဲက တစ်ခုမှာမြစ်ဝကျွန်းပေါ်သူ မမြတ်သီရိနွယ် အလုပ်လုပ်ကိုင် နေတာ သုံးနှစ် ရှိသွားပါပြီ။ ရွှေလင်ဗန်းစက်မှုဇုံထဲက Great Wall 1  ဖိနပ်စက်ရုံမှာ တစ်ရက် အလုပ် ချိန် ၈ နာရီလုံးလုံး မတ်တပ်ရပ်ပြီး လုပ်ကိုင်ရပါတယ်။ စက်ရုံရဲ့ထုတ်ကုန် အရေအတွက်တိုးဖို့နဲ့ သူ အပိုဝင်ငွေရဖို့အတွက်လည်း အချိန်ပို ဆင်းဖြစ်ပါတယ်။

သူ့ရဲ့ လစဉ် ဝင်ငွေက ၁၆ဝ,ဝဝဝ လောက် ရှိပါတယ်။ အခန်းခ၊ အစားအသောက်တို့ အတွက် သုံးပြီးတဲ့နောက်မှာတော့ ဝင်ငွေရဲ့သုံးပုံတစ်ပုံကို ဟသာၤတမြို့နယ်၊ နိဗ္ဗာန်ကျေးရွာက မိသားစုဆီ ပြန်ပို့နိုင်သူပါ။   ဒါက သူ့ရဲ့အခြေအနေပါ။ သူ့စက်ရုံက တခြား လုပ်ဖော်ကိုင်ဘက်တွေ ဆိုရင် မိသားစု ကို ငွေပြန်ပို့ဖို့ အခြေအနေ မပေးသေးတာတွေလည်း ရှိနေတယ်လို့ ၂၄ နှစ်အရွယ် မမြတ်သီရိနွယ်က ပြောပါတယ်။

စက်ရုံလုပ်ငန်းခွင်အခြေအနေဟာ ဆိုးဝါးလွန်းတယ်လို့ အလုပ်သမားတွေ၊ အလုပ်သမားအဖွဲ့ တွေက ဝေဖန်နေကြပါတယ်။ မမြတ်သီရိနွယ်တို့စက်ရုံမှာ သီးသန့်ထမင်းစားဆောင်မရှိ၊ အိမ်သာက လည်း မလုံလောက်ပါဘူး။  ဖြတ်တောက်ပြီးသား သားရေတွေ၊ ဖိနပ်အောက်ခံခုံတွေကို အချောသတ်၊ ဆက်တွဲရတဲ့ မမြတ်သီရိနွယ်ရဲ့လက်တွေ စက်ထဲ အထုတ်အသွင်း အချိန်အဆ မှားသွားတာနဲ့  ပြတ်သွားနိုင်ပါတယ်။ မနှစ်က သူ့သူငယ်ချင်းတစ်ယောက် စက်ထဲလက်ပါသွားလို့ လက်ချောင်းတစ် ချောင်း ပြတ်သွားပါတယ်။

“တခါတလေ ကိုယ်လုပ်နေရတဲ့ အလုပ်ဟာ တကယ်ရော ကိုယ့်အတွက် အကျိုးရှိရဲ့လားဆို တာ စဉ်းစားမိတယ်။ ဒါပေမဲ့ ကိုယ့်ရွာက မိသားစုတွေကို ထောက်ပံ့ပေးနေရတဲ့ အခြေအနေကို ပြန်ကြည့်မိတော့  ဒီမှာပဲ ဆက်လုပ်ဖြစ်နေတာ” လို့ ရန်ကုန်ရောက်နေတာ သုံးနှစ်ရှိပြီဖြစ်တဲ့ မမြတ်သီ ရိနွယ်က ဆိုပါတယ်။

“ပြန်ဖို့ဆိုတာကလည်း အလုပ်ကခွင့်ရက်ရှည် ရတာမဟုတ်ဘူး။ ဟိုတလောက အဖေတော် တော်လေး နေမကောင်းဖြစ်တာတောင်မှ အလုပ်ကခွင့်ကို မနည်းပြောယူရတာ။ ရတာကလည်း သုံးလေးရက်”  ကြီးထွားလာနေတဲ့ အဝတ်အထည် အသုံးအဆောင် ထုတ်လုပ်ရေး လုပ်ငန်းမှာ အလုပ်သမား အများအပြားဟာ လုပ်ငန်းခွင်အခြေအနေနဲ့ ဝင်ငွေ တိုးတက်အောင် ဒေါ်အောင်ဆန်းစု ကြည်က လုပ်ဆောင်ပေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို မဲပေးခဲ့ကြပါတယ်။ အခုဆိုရင် NLD အစိုးရသစ်က အဝတ်အစား ထုတ်လုပ်ရေး လုပ်ငန်း ကြီးထွား လာ၊ ဝင်ငွေနည်းအလုပ်သမားတွေ ပိုမို အဆင်ပြေလာရေးအတွက် အလုပ်သမားအဖွဲ့တွေ၊ စက်ရုံပိုင် ရှင်တွေ၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ဆက်ဆံညှိနှိုင်းနေရပါပြီ။သက်တမ်း ၄ လ ရှိလာပေမဲ့ NLD အစိုးရသစ်ရဲ့ ကြိုးပမ်းချက်များဟာ ရန်ကုန်က အလုပ်သမားတွေ၊ အလုပ်သမားအဖွဲ့တွေ ကျေနပ် လောက်တဲ့အဆင့် ဖြစ်မလာသေးပါဘူး။

“အစိုးရသစ်သာတက်လာတယ်။ ကျွန်မတို့လုပ်ရတဲ့ အတိုင်းအတာနဲ့ ခံစားရတဲ့ဝင်ငွေအခွင့်အလမ်းတွေက ကနေ့အချိန်ထိ တိုးတက်မလာသေးဘူး” လို့ မမြတ်သီရိနွယ်က ပြောပါတယ်။ အလုပ်သ မားသမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီက မူဝါဒရေးရာ တာဝန်ခံ ဦးရဲနိုင်ဝင်းကလည်း အလုပ်သမားထု ဘဝ တိုးတက်ရေးအတွက် အရိပ်အရောင်တွေ လုံးဝမတွေ့ရသေးဘူးလို့ ပြောပါတယ်။

“အရေးကြီးတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အဓိထားလုပ်နေတယ်ဆိုပေမယ့် အခြေခံလူတန်းစား အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကောင်းကောင်း မလုပ်ပေးနိုင်ဘူးဆိုရင် တိုင်းပြည်တိုးတက်ရေး က နှောင့်နှေးမြဲ နှောင့်နှေးနေဦးမှာပဲ” လို့ ဦးရဲနိုင်ဝင်းက ပြောပါတယ်။

မပြင်ရသေးတဲ့ ဥပဒေများ

ပြီးခဲ့တဲ့နှစ်တွေအတွင်း အလုပ်သမားအခွင့်အရေးနဲ့ ပတ်သက်ပြီး တိုးတက်ဖြစ်ထွန်းမှု အနည်း ငယ် ရှိခဲ့ပါတယ်။ ယခင်အစိုးရက ၂ဝ၁၅ နှစ်လယ်ပိုင်းကစပြီး အခြေခံလုပ်ခနှုန်းထားကို တစ်ရက် ကျပ် ၃,၆ဝဝနှုန်း သတ်မှတ်လိုက်ပါတယ်။ အလုပ်သမားဥပဒေပိုင်းမှာတော့ တိုးတက်မှု သိသိသာသာ မရှိသေးပါဘူး။

ပြည်တွင်းလုပ်ငန်းရှင်တွေ၊ ကိုရီးယား၊ တရုတ် လုပ်ငန်းရှင်တွေ ပိုင်ဆိုင်တဲ့ ရန်ကုန်ဝန်းကျင် စက်ရုံများမှာ အလုပ်သမား သုံးသိန်းခန့် ရှိနေပါတယ်။ အများစုကတော့ အမျိုးသမီးငယ်တွေပါ။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း ဗြိတိန်အခြေစိုက် Oxfam အဖွဲ့က ရန်ကုန်က အလုပ်သမားတွေကို စစ်တမ်း ကောက်ယူပြီး အစီရင်ခံစာ ရေးသားထုတ်ပြန်ရာမှာ လုပ်ခနှုန်းထားသစ်ဟာ အလုပ်သမားတွေ ရပ်တည်ရေး၊ မိသားစုကို ထောက်ပံ့ရေးအတွက် လုံလောက်တဲ့နှုန်းထား မဟုတ်သေးဘူးလို့ မှတ်ချက်ပြုထားပါတယ်။

စက်ရုံ ၂၂ ခုမှာ ဒီအဖွဲ့ တွေ့ဆုံမေးမြန်းခဲ့တဲ့ အလုပ်သမားတွေထဲက ၄၃ ရာခိုင်နှုန်းက အကြွေး နွံထဲပိတ်မိနေတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။အချိန်ကြာမြင့်စွာ အလုပ်လုပ်ကိုင်နေရတာ၊ လုပ်ငန်းခွင် လုံခြုံမှုမရှိတာ၊   ကြီးကြပ်ရေးမှူးတွေရဲ့ ကြမ်းတမ်းစွာ ပြောဆိုခြင်းတို့နဲ့ ကြုံနေရတယ်၊ အလုပ်သမား ၃ ဦးမှာ ၁ ဦးက လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာ ရခဲ့ဖူးတယ်လို့ အစီရင်ခံစာမှာ ဖော်ပြ ထားပါတယ်။

Yes One အထည်ချုပ် အလုပ်သမားသမဂ္ဂကိုယ်စားလှယ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သ မားများအဖွဲ့ချုပ်ရဲ့ ဗဟိုကော်မတီဝင် မဝင်းသိင်္ဂီစိုးက သတ်မှတ်ထားတဲ့အနိမ့်ဆုံးလုပ်ခနှုန်းထား၊ အလုပ်သမား ရပိုင်ခွင့်တွေ ပေးနေတဲ့ စက်ရုံ အရေအတွက် ဘယ်လောက် ရှိမယ်ဆိုတာ မသိရသေး ဘူးလို့ ပြောပါတယ်။ “စက်ရုံတချို့ဆို ကနေ့အထိ အနည်းဆုံးလုပ်ခနှုန်းထားကို မရကြလို့ သူတို့အခွင့် အရေးတွေကို သူတို့တောင်းဆိုဖို့ သမဂ္ဂတွေ ဖွဲ့နိုင်ရေး ကူညီပေးနေရတယ်” လို့ မဝင်းသိင်္ဂီစိုးက ရှင်းပြပါတယ်။

“သမဂ္ဂမဖွဲ့နိုင်သေးတဲ့ စက်ရုံတော်တော်များများဟာ ဒီနှုန်းထားကို မရကြသေးဘူး။ ဒါတောင် မှ ကျွန်မတို့နဲ့ မချိတ်ဆက်မိသေးတဲ့ စက်ရုံတွေဘယ်လောက်များ ကျန်နေဦးမလဲဆိုတာ မသိနိုင်သေး ဘူး” အလုပ်သမားအခွင့်အရေး အတွက် လုပ်ကိုင်နေတဲ့ ရှေ့နေ ဦးဖိုးဖြူက ဥပဒေပိုင်းဆိုင်ရာ အပြောင်းအလဲတွေ အစိုးရသစ်လက်ထက်မှာ ဖြစ်ပေါ်လာဖို့ မျှော်လင့်နေပါတယ်။

“အလုပ်သမားတွေအတွက် အကာအကွယ်ပေးမယ့် ဥပဒေတွေ ပြဋ္ဌာန်းထား ပေမယ့် တချို့ ဥပဒေတွေအတွက် နည်းဥပဒေထွက်မလာသေးဘူး” လို့ သူက ဆိုပါတယ်။ တချို့ဥပဒေတွေမှာ အားနည်းချက်များစွာ ရှိနေတဲ့အတွက် အလုပ်ရှင်တွေက လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လွယ်လွယ်ချိုးဖောက်ကြတယ်၊ အခွင့်အရေးတောင်းဆိုသူကို အလုပ်က ထုတ်ပစ်တယ်၊ စည်းကမ်း ပျက်အလုပ်ရှင်ကို အရေးယူရာမှာ  ဒဏ်ငွေချမှတ်ရုံသာမက  လုပ်ငန်းလုပ်ကိုင်ခွင့်၊ ကုန်သွယ်ခွင့် လိုင်စင်တို့ကို ယာယီ ရုတ်သိမ်းတာမျိုးကို ဥပဒေမှာပြဋ္ဌာန်းပေးသင့်တယ်လို့ သူက ဆက်ပြောပါ တယ်။ 

ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာ ကော်မတီအတွင်းရေးမှူး ဦးသိန်းထွန်းကလည်း အလုပ်သမားရပိုင်ခွင့် အခြေအနေတွေ တိုးတက်လာသင့်ပြီလို့ဆိုပါတယ်။ “အလုပ်သမားတွေရဲ့ အခွင့်အရေးတို့ဝင်ငွေတို့ တိုးတက်လာဖို့ဆိုတာကတော့ လက်ရှိတည်ဆဲဖြစ်နေတဲ့ ဥပဒေတွေကို ပြန်ပြုပြင်ဖို့လိုတယ်။ အဲ့ဒီအတွက်လည်း ကျွန်တော်တို့လွှတ်တော်ဘက်က ဒါတွေကို ပြင်ဆင်ဖို့ ကြိုးစားဆောင်ရွက်နေတယ်” လို့ ဦးသိန်းထွန်းက ပြောပါတယ်။

သူတို့ကော်မတီက အလုပ်သမားဆိုင်ရာဥပဒေတွေကို  လေ့လာနေပြီးတချို့ကို ပြင်ဆင်ရမယ်၊ ဖျက်သိမ်းရမယ့်ဥပဒေလည်းရှိတယ်လို့Myanmar Now ကို ရှင်းပြပါတယ်။အစိုးရက ပြည်တွင်းငြိမ်း ချမ်းရေးကို ဦးစားပေးနေတယ်၊ ပြည်တွင်းငြိမ်းချမ်းရေးရမှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပိုမို ဝင်ရောက်လာပြီး အလုပ်အကိုင် အခွင့်အလမ်း ပိုကောင်းလာမယ်လို့ သူက သုံးသပ်ပါတယ်။

အငြင်းပွားမှုများ

ယမန်နှစ်က အလုပ်ရှင်အလုပ်သမား ပဋိပက္ခဖြစ်ပြီး ဝန်ကြီးဌာနအထိ အဆင့်ဆင့်တက်လာတဲ့ အမှုပေါင်း တစ်ထောင်ကျော်မှာ ပါဝင်ပတ်သက်တဲ့ အလုပ်သမားအရေအတွက်က ၁၄,၉၈၇ ဦး ရှိတယ်လို့အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနရဲ့စာရင်း တွေအရ သိရပါတယ်။

ငွေကြေးအကျိုးခံစားခွင့်ဆိုင်ရာဖြေရှင်းပေးနိုင်ခဲ့တာက ၄၉၇ မှု၊ ကြေးအေးလိုက်တာ ၃၅၃ မှု၊ ပိတ်သိမ်းလိုက်တာ ၄ မှုနဲ့ အခြားဥပဒေပိုင်းဆိုင်ရာကို လွှဲပြောင်းတာက ၁၆၅ မှုရှိပါတယ်။အထည်ချုပ် လုပ်ငန်းရှင်များအသင်းဒုဥက္ကဋ္ဌ ဦးအေးထွန်းက အလုပ်သမားဦးစီးဌာနဟာ အငြင်းပွားမှုတွေကို ဖြေရှင်းရာမှာအလုပ်သမားတွေဘက်ကို လိုက်ပြီး ဖြေရှင်းနေကြတာများတယ်လို့ ဆိုပါတယ်။

“လုပ်ငန်းခွင်စံနှုန်းတွေ၊  အလုပ်ရှင်ဘက်ကကျန်းမာရေး စောင့်ရှောက်မှု ဘယ်လိုလုပ်ပေးသ လဲ၊ လုပ်ငန်းခွင်သက်တောင့်သက်သာရှိအောင်ဘယ် လိုဖန်တီးပေးထားလဲဆိုတာ မစဉ်းစားဘဲနဲ့ ပိုက်ဆံပိုပေးလိုက်ဆိုသလို လုပ်နေတယ်။လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေကိုထည့်မတွက်ဘူး” လို့ ဦးအေးထွန်းက ပြောပါတယ်။

အလုပ်ရှင်ဘက်က အလုပ်သမားတစ်ယောက်အတွက် ထည့်ပေးရတဲ့ လူမှုဖူလုံရေးနှုန်းက တစ်လမှာ ငါးထောင်လောက် ရှိတယ်၊ နိုင်ငံအနံှ့အလုပ်သမား ခြောက်သိန်းဝန်းကျင်အတွက် အလုပ်ရှင် တွေ ပေးသွင်းရတာ လစဉ် သုံးဘီလီယံရှိတယ် လို့ သူက တွက်ပြပါတယ်။ ဒီငွေတွေကို အလုပ်သမား ကျန်းမာရေးအတွက် ပြန်သုံးရာမှာ စနစ်ကျဖို့၊ ပြုပြင်ပြောင်းလဲရေးက အောက်ခြေဝန်ထမ်းတွေအထိ ရောက်ဖို့ အပိုင်းမှာ အစိုးရဘက်က အားနည်းနေသေးတယ်လို့ သူက ထောက်ပြပါတယ်။

အလုပ်သမားရေး ဝန်ကြီးဌာန ဒုညွှန်ကြားရေးမှူးချုပ် တစ်ယောက်ဖြစ်တဲ့ ဦးညွန့်ဝင်းက အလုပ် ရှင်တွေဟာ ဥပဒေပါအခွင့်အရေးတွေကို  မတောင်းဆိုခင်ကတည်းက ပေးထားရမှာဖြစ်သလို အလုပ် သမားတွေကလည်း  ဥပဒေပါပြဋ္ဌာန်းချက်ထက် ပိုပြီး  မတောင်းဆိုသင့်ကြောင်း Myanmar Now ကို ပြောပါတယ်။ 

“သူ့အကျိုး၊ ကိုယ့်အကျိုးကို နှစ်ဖက်မျှခြေရှိအောင် လိုလိုလားလား ပူးပေါင်းဆောင်ရွက်တတ် တဲ့ အလေ့အကျင့်ကောင်းတွေ ရှိဖို့လိုတယ်” လို့ ဒုညွှန်ချုပ်က သုံးသပ်ပါတယ်။ Great Wall 1 ဖိနပ် စက်ရုံ သမဂ္ဂခေါင်း ဆောင်တစ်ဦးဖြစ်တဲ့  ၂၆ နှစ်အရွယ် ကိုဖြိုးဝေအောင်ဟာ တောင်းဆိုမှုတွေ လုပ်အပြီး ၂ဝ၁၅  မေလမှာ အလုပ်ဖြုတ်ခံရသူပါ။  

“ကျွန်တော့်ကို အလုပ်ပြန်ခန့်ထားဖို့ အမိန့်ကို စက်ရုံဘက်က မလိုက်နာတာကြောင့် တရား ရုံးက ဒဏ်ငွေ ၁ဝ သိန်းချမှတ်ခဲ့တယ်။ ကျွန်တော့်ကိုတော့ အခုချိန်ထိ သူတို့ဘက်က ပြန်မခန့်ဘူး။ ဒဏ်ငွေ ၁ဝ သိန်းဆိုတာ စက်ရုံပိုင်ရှင်တွေအတွက် ကလေးမုန့်ဖိုးပေးသလောက်ပဲရှိတာ” လို့ ကိုဖြိုးဝေအောင်က ဆိုပါတယ်။ “အလုပ်ပြန်မခန့်သေးတာကို တရားရုံးအဆင့်ဆင့် ထပ်တက်ဖို့ ကြိုးစားဦးမှာပဲ”

စက်ရုံရဲ့ မန်နေဂျာတစ်ဦးဖြစ်သူ မမိုးမိုးမြင့်ခိုင်က အလုပ်သမားတွေကို လုပ်ငန်းခွင်အခက်အခဲနဲ့ ပတ်သက်ပြီး အချိန်မရွေးလာရောက် ပြောဆိုခွင့် ပေးထားတယ်လို့ Myanmar Now ကိုပြောပါတယ်။ ဒါပေမဲ့ ဒီနှစ်ထဲမှာတော့ လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး လာရောက် ပြောဆိုခြင်း မရှိသေးဘူးလို့ ဆိုပါ တယ်။ ထမင်းစားဆောင် လိုအပ်တာမျိုးလို အခြေခံ အချက်တွေအကြောင်းကိုလည်း သူ့ကို မေးမြန်းခဲ့ ပါတယ်။

“ထမင်းစားဆောင်မရှိတာကလည်း ကျွန်မတို့စက်ရုံက စက်တင်ဘာလထဲမှာပဲ အဆောင် ပြောင်းဖို့ လုပ်နေတာ။  လက်ရှိနေရာက ငှားထားတာဆိုတော့ ပြုပြင်ဖို့ဆိုတာလည်း တဖက်ပိုင်ရှင်ရဲ့ ခွင့်ပြုချက်တွေ၊ ဘာတွေက လိုသေးတယ်လေ” လို့ မမိုးမိုးမြင့်ခိုင်က ပြောပါတယ်။     ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly