အရှေ့တောင်အာရှရှိ လေကြောင်းလိုင်း အများအပြားက လေယာဉ်ပေါ်မှာ Galaxy Note 7 အသုံးပြုမှုကို ပိတ်ပင်ထားခဲ့ကြောင်း ဒေသခံ မီဒီယာများက တနင်္လာနေ့မှာ ဖော်ပြထားပါတယ်။
ဆမ်ဆောင်းရဲ့ အကြံပေးချက်တွေအပြင် ဖုန်းအားသွင်းစဉ် မီးလောင်မှု သို့မဟုတ် ပေါက်ကွဲမှု အန္တရာယ်တွေကြောင့် အမေရိကန်ပြည်ထောင်စုမှာ နောက်ဆုံးထွက် Galaxy Note 7 ကို လေယာဉ်ပေါ်မှာ ပါဝါမဖွင့်ဖို့နဲ့ အားသွင်းတာတွေ မလုပ်ဖို့ သတိပေးလိုက်ပြီးနောက် ယခုလို အရှေ့တောင်အာရှ လေကြောင်းလိုင်းတွေမှာလဲ ပိတ်ပင်မှုတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။
ပိတ်ပင်လိုက်တဲ့ လေကြောင်းလိုင်းတွေကတော့ စင်္ကာပူလေကြောင်းလိုင်း၊ ထိုင်း လေကြောင်းလိုင်း၊ Garuda အင်ဒိုနီးရှား၊ ဖိလိုင်လေကြောင်း၊ Tigerair၊ ရွိုင်ရယ်ဘရူနိုင်းနှင့် ဗီယက်နက်ရှိ လေကြောင်းလိုင်းအားလုံးတို့ဖြစ်ကြောင်း သိရပါတယ်။
"Galaxy Note 7 ဘက်ထရီနှင့် ဖုန်းအစုံဟာ အားသွင်းနေစဉ်အတွင်း မီးစွဲမှုရှိကြောင်း သတင်းတွေ ထွက်ပေါ်ပြီးနောက် ဆမ်ဆောင်းကုမ္ပဏီက ကမ္ဘာတစ်လွှား ရောင်းချခဲ့တဲ့ အဆိုပါဖုန်းအားလုံးကို ပြန်လည်သိမ်းယူဖို့ ထုတ်ပြန်ထားပါတယ်"လို့ ဖိလစ်ပိုင်လေကြောင်းလိုင်းက ကြေညာချက်မှာ ပြောကြားထားပါတယ်။
ရွိုင်ရယ်ဘရူနိုင်းက လေယာဉ်ပေါ်ရှိနေချိန် Galaxy Note 7 ကို အသုံးပြုခြင်း သို့မဟုတ် အားသွင်းခြင်းများ မလုပ်ဆောင်ရန် ခရီးသည်များကို သတိပေးလိုက်ပါတယ်။
Galaxy Note 7 ဖုန်းအလုံးရေ ၃၅ လုံးမှာ ဘက်ထရီ အပူလွန်ကဲမှု ပြဿနာ ထွက်ပေါ်လာပြီးနောက် ၎င်း Note 7 ကို တကမ္ဘာလုံးမှာ ဖြန့်ချိမယ့် အချိန်နှောင်းနှေးခဲ့ရကြောင်း ဆမ်ဆောင်းက မကြာသေးမီက ကြေညာခဲ့ပါတယ်။
အမေရိကန်တွင် စားသုံးသူကုန်ပစ္စည်း အန္တရာယ်ကင်ရှင်းရေးကော်မရှင်က ဆမ်ဆောင်း Galaxy Note 7 ဖုန်းများရဲ့ ဘက်ထရီ ပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ခြင်းပေါ် စိုးရိမ်တာကြောင့် လေယာဉ်စီး ခရီးသည်များအနေဖြင့် လေယာဉ်ပေါ်ရှိစဉ် ယင်းဖုန်းအား ပိတ်ထားပြီး အသုံးမပြုရန် သောကြာနေ့က တိုက်တွန်းထားပါတယ်။
Source: EFE_EPA