အကြမ်းဖက်မှုများနှင့် လုံခြံုရေး ခြိမ်းခြောက်မှုများအား နိဂုံးချုပ်နိုင်ရေး ထိုင်းနှင့်မလေးရှား ပူးပေါင်း

အကြမ်းဖက်မှုများနှင့် လုံခြံုရေး ခြိမ်းခြောက်မှုများအား နိဂုံးချုပ်နိုင်ရေး ထိုင်းနှင့်မလေးရှား ပူးပေါင်း

ဘန်ကောက်၊ စက်တင်ဘာ ၁၀ ။                         ။ တောင်ဖက်စွန်းပိုင်းတွင် ထိုင်းနှင့် မလေးရှား နှစ်နိုင်ငံအတွက် အကြမ်းဖက်မှုများနှင့် လုံခြုံရေး ခြိမ်းခြောက်မှုများ အဆုံးသတ်နိုင်ရေး ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံစလုံးက အတည်ပြုသည်။

ထိုင်းတောင်ဖက်စွန်းပိုင်းနှင့် နယ်စပ်ဧရိယာများတွင် အစွန်းရောက်များကို ပူးပေါင်း စစ်ဆင်သွားမည်ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က စက်တင်ဘာ ၉ ရက်၌ အစိုးရအိမ်တော်ရာ၌ ကျင်းပသည့် ခြောက်ကြိမ်မြောက် မလေးရှား-ထိုင်းနှစ်ပတ်လည်ပူးပေါင်းမှု အစည်းအဝေးပြီးနောက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“တောင်ပိုင်းဒေသတွေအတွက် ယုံကြည်မှု တည်ဆောက်နိုင်ရေးက ကျွန်တော်တို့အတွက် အလွန်ကိုပဲ အရေးကြီးပါတယ်။”ဟု နာဂျစ်က ပြောပြီး အပြန်အလှန် ယုံကြည်မှု၏ ဦးဆုံးအဆင့်အဖြစ်   ဆွေးနွေးပွဲများ ပြုလုပ်ပါကြောင်း ဖြည့်စွက်ပြောသည်။

“ကမ္ဘာ့လုံးဆိုင်ရာ အကြမ်းဖက်ဝါဒရဲ့ ခြိမ်းခြောက်မှုတွေ၊ လူကုန်ကူးမှုတွေနဲ့ အကြမ်းဖက် အစွန်းရောက် တိုက်ခိုက်ခြင်းတွေ အပါအဝင် ရာဇဝတ်မှုတွေကို တိုက်ဖျက်သွားရေးအတွက် အတူတကွ ပူူးပေါင်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ တစ်ချို့သော ကျုးလွန်သူတွေက နှစ်နိုင်ငံကြား ကူးသန်းလှုပ်ရှားနေကြတာမို့ ကျွန်တော်တို့ နှစ်နိုင်ငံအနေနဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ဆောင်ဖို့ အလွန့်အလွန်ပဲ အရေးကြီးပါတယ်။”ဟု နာဂျစ်က ပြောခဲ့သည်။

ထိုင်းဝန်ကြီး ချန်အိုချာကလည်း “အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ လူမှောင်ခိုကူးမှုနဲ့ တရားမဝင် မှောင်ခိုကုန်ကူးခြင်းတွေ အပါအဝင် လုံခြုံရေးပြဿနာများ ကျွန်တော်တို့ ရင်ဆိုင်နေရပါတယ်။  ဒါက ကျွန်တော်တို့အတွက် ဒီပြဿနာကို အလေးအနက်ထား ကိုင်တွယ်ဖို့ လိုအပ်နေတာပါပဲ။”ဟု ပြောသည်။

သောင်းကျန်းသူ အများစုက မလေးရှားဖက်တွင် ဒုက္ခသည်အဖြစ် ခိုလှုံခြင်းများရှိနေရာ ယင်းပြဿနာအား ခိုင်ခိုင်မြဲမြဲ ကိုင်တွယ်ဖြေရှင်းမည်ဟုလည်း မလေးရှားဝန်ကြီးက ကတိကဝတ် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags