ပေါင်ဒဏ်ရာရရှိခဲ့သည့်အတွက် ပဲလေ့စ်မှ ချယ်လ်ဆီးသို့ ရီမီ ပြန်ရောက်

ပေါင်ဒဏ်ရာရရှိခဲ့သည့်အတွက် ပဲလေ့စ်မှ ချယ်လ်ဆီးသို့ ရီမီ ပြန်ရောက်

စက်တင်ဘာ ၉၊ အင်္ဂလန် ။                ။ ပဲလေ့စ်အသင်းသို့ အငှားသွားရောက်ကစားသည့် တိုက်စစ်မှူး ရီမီသည် လေ့ကျင့်ရေးကွင်းတွင် ပေါင်ဒဏ်ရာရရှိသွားသည့်အတွက် မိခင်ကလပ်ချယ်လ်ဆီးအသင်းသို့ ပြန်လည်ရောက်ရှိခဲ့ရသည်။

အသက် ၂၉ နှစ်အရွယ်ရှိ ရီမီသည် ယခုနှစ်တွင် ပရီးမီးယားလိဂ်ပွဲစဉ် တစ်ပွဲမှ မကစားရသေးဘဲ ပဲလေ့စ်အသင်းသို့ အငှားသွားရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် ဒဏ်ရာရရှိခဲ့သည့်အတွက် ထိုဒဏ်ရာကို ဂရုတစိုက်ကုသရန် ချယ်လ်ဆီးသို့ ပြန်လာခဲ့ခြင်းဖြစ်သည်။

ထိုဒဏ်ရာကြောင့် ရီမီသည် အနည်းဆုံးရက်သတ္တပတ် ၇ ပတ်မှ ၈ ပတ်အထိ အနားယူရဖွယ်ရှိနေသည်။

မစ်ဒယ်ဘရော့နှင့်ကစားမည့်ပွဲမတိုင်မီ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်ပွဲ၌ ပဲလေ့စ်အသင်းနည်းပြ အလန်ပါဂျူးက ‘ရီမီ ဒဏ်ရာရသွားခဲ့တာက သူ့အတွက်ရော အသင်းအတွက်ပါ ထိုးနှက်ချက် ဖြစ်ပါတယ်။ သူက အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လာမယ့်လို့ မျှော်လင့်ထားခဲ့တာပါ။ လေ့ကျင့်ရေးကွင်းမှာလည်း သူက ကြိုးစားပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အခုလိုသတင်းကို ကြေညာရပါတော့မယ်’ ဟု ပြောဆိုခဲ့သည်။

ရီမီ၏ဒဏ်ရာအမြန်ဆုံးသက်သာလာစေရန်အတွက် ချယ်လ်ဆီးနှင့် ပဲလေ့စ်နှစ်သင်းစလုံးမှ ဆေးဝန်ထမ်းများပူးပေါင်း ဆောင်ရွက်သွားကြမည်ဟု ဆိုသည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags