ပါလက်စတိုင်းသမ္မတက ရုရှသူလျှိုဖြစ်ခဲ့ဖူးဟု ဆို

ပါလက်စတိုင်းသမ္မတက ရုရှသူလျှိုဖြစ်ခဲ့ဖူးဟု ဆို

ဂျေရုဆလင်၊ စက်တင်ဘာ ၇ ။                   ။ ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ်သည် ၁၉၈၀ ခုနှစ်အစောပိုင်းနှစ်များ၌ ရုရှသူလျှိုထောက်လှမ်းရေး ကေဂျီဘီအေဂျင့်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ဖူးကြောင်း ဆိုဗီယက်ခေတ်မှတ်တမ်းများက ညွှန်ပြနေသည်ဟု အစ္စရေးသုတေသီများက ပြောသည်။

နိုင်ငံဖက်ပြောင်းသူတစ်ဦးဖြစ်သည့် ရုရှနိုင်ငံသား ဗာဆီးလီးမီထရိုကင်နှင့်အတူ ဗြိတိန်နိုင်ငံသို့ ပါလာသည့် အစီရင်ခံစာမှတ်တမ်းတစ်ရပ်အရ မာမွတ်အဘတ်စ်သည် ကေဂျီဘီသူလျှိုစာရင်းတွင် ပါရှိနေခြင်းဖြစ်သည်။

ထိုအတည်ပြုစွပ်စွဲချက်က အစ္စရေးတို့၏ အခြေအမြစ်မရှိသော ယုတ်ညစ်မှုဖြစ်ကြောင်း မာမွတ်အဘတ်စ်၏ ပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်သည်။

ထိုစွပ်စွဲပြောဆိုမှုသည် ရုရှသမ္မတ ဗလာဒီမာပူတင်က မာမွတ်အဘတ်စ်နှင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပေါ်ပေါက်လာရန် စီစဉ်နေစဉ် ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

ပါလက်စတိုင်းခေါင်းဆောင် အဘတ်စ်က နေတန်ယာဟုနှင့် မော်စကိုတွင် စက်တင်ဘာ ၈ ရက်၌ တွေ့ဆုံလိုကြောင်း ပြောထားသော်လည်း အစ္စရေးတာဝန်ရှိသူများဖက်က အချိန်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly