သီရိလင်္ကာတွင် ငှက်ဖျားပိုး ကင်းစင်သွားပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ

သီရိလင်္ကာတွင် ငှက်ဖျားပိုး ကင်းစင်သွားပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ

စက်တင်ဘာ ၇ ။              ။ သီရိလင်္ကာနိုင်ငံတွင် ငှက်ဖျားရောဂါပိုး ပြည်တွင်း၌ ကူးစက်မှု ကင်းစင်သွားခဲ့ပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO က အတည်ပြုထောက်ခံချက် လက်မှတ် ထုတ်ပေးလိုက်ပြီဖြစ်ရာ ဒေသတွင်း မော်လ်ဒိုက်နိုင်ငံပြီးနောက် ဒုတိယမြောက် ရောဂါပိုးကင်းစင်ကြောင်း ကြေညာခံခဲ့ရသည့် နိုင်ငံဖြစ်လာခဲ့သည်။

အဆိုပါနိုင်ငံတွင် ပြည်တွင်း၌ ငှက်ဖျားပိုး ကူးစက်မှုဖြစ်စဉ် ဖြစ်ပွားမှုရှိမရှိ အကဲဖြတ်စစ်ဆေးမှုများလုပ်ဆောင်ရန် လွန်ခဲ့သည့် သုံးနှစ်ကတည်းက ကျန်းမာရေးအဖွဲ့များကို WHO က စေလွှတ်ထားခဲ့ကြောင်း သီရိလင်္ကာကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

" ကျန်းမာရေးဝန်ကြီးဟာ ဒီကနေ့မှာပဲ အသိအမှတ်ပြုလက်မှတ် လက်ခံရရှိခဲ့ပါပြီ၊ ကျွန်တော်တို့နိုင်ငံကို ငှက်ဖျားကင်းစင်နိုင်ငံအဖြစ် WHO က အတည်ပြုပေးလိုက်တာပါ" ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ယင်းကျွန်းနိုင်ငံလေးသည် ခြင်မှ ကူးစက်သော ရောဂါပိုး အမြစ်ဖြတ်တိုက်ဖျက်ရေး ဌာနတစ်ခု ထူထောင်ကာ လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။

နိုင်ငံတွင် ပြီးခဲ့သည့် သုံးနှစ်အတွင်း ငှက်ဖျားပိုး ကူးစက်မှု ၁၈၀ ရှိခဲ့သော်လည်း  ကူးစက်ခံခဲ့ရသူ အားလုံးမှာ ပြည်ပကနေ ကူးစက်ခံခဲ့ရသူများဖြစ်ကြကြောင်းနှင့် ပြည်တွင်း၌ ကူးစက်မှုမျိုး မတွေ့တော့ကြောင်း ငှက်ဖျားပိုးတိုက်ဖျက်ရေးကမ်းပိန်းအဖွဲ့က ပြောသည်။

" နိုင်ငံမှာ သုံးနှစ်ဆက်တိုက် ပြည်တွင်းမှာ ကူးစက်တာမျိုး မရှိခဲ့ပါဘူး၊ ဒီလိုအောင်မြင်မှုမျိုး အရင်က တစ်ခါမှ မရှိခဲ့ပါဘူး" ဟု ယင်းအဖွဲ့က ထုတ်ပြန်သွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags