လော့စ်အိန်ဂျလိစ် ၊ စက်တင်ဘာ ၅ ။ ။ ကမ္ဘာကျော်အဆိုတော် ဘီယွန်စေးသည် You Tube တွင် ပရိတ်သတ်များအတွက် ၎င်း၏ ဆဋ္ဌမမြောက် တေးအယ်လ်ဘမ် “ Lemonade” မှ တေးသီချင်း “ Hold Up” ကို ထုတ်လွှင့်ပေးခြင်းဖြင့် အသက် ၃၅ နှစ်ပြည့်မွေးနေ့ပွဲကို ဆင်နွှဲခဲ့သည်။
“Hold Up ” တေးသီချင်းဗီဒီယိုသည် ယခင်က Tidal တေးသီချင်းဝန်ဆောင်မှုမှ လပေးမှာယူကြသူများသာ နားဆင်နိုင်ပြီး ဧပြီလက LP၏ တေးအယ်လ်ဘမ်သစ်တွင် ပွဲဦးထွက် ထုတ်လွှင့်ပြသ ခဲ့သော်လည်း ယခုအခါ ပရိတ်သတ်များအားလုံး အဆိုပါ တေးသီချင်းကို အွန်လိုင်းတွင် နားဆင်နိုင်ပြီဖြစ်သည်။
အဆိုတော် ဘီယွန်စေးသည် စက်တင်ဘာ ၄ရက်က ၎င်း၏မွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် လူမှုရေးမီဒီယာကို ပြန်လည်အသုံးပြုခဲ့ကြောင်း နှင့် ဂလက်ဒီနှိုက် ၊ ဂျနီဖာဟက်ဒ်ဆန် ၊ မာရီယာကာရေး နှင့် ဆိုင်မွန်ဘီလက်စ်မှအစ လူတိုင်းသည် ဘီယွန်စေးအတွက် မွေးနေ့ဆုမွန်ကောင်း တောင်းပေးခဲ့ကြသည်။
“ ပျော်ရွင်စရာ မွေးနေ့လေးဖြစ်ပါစေ အလှဘုရင်မ ဘီယွန်စေး ။ အရမ်းချစ်ခင်မြတ်နိုးရပါတယ်။ အမြဲတမ်း လေစားနေပါတယ်” ဟု မာရီရာကာရေးက ရေးသားထားသည်။ ဟက်ဒ်ဆန်က အသက် ခုနစ်နှစ်အရွယ် သားဖြစ်သူ ဒေးဗစ်ဒန်နီရဲလ်အူတန်ဂါ ဂျူနီယာ နှင့် ဘီယွန်စေးတို့ ရယ်မောပျော်ရွှင်နေသော ဓာတ်ပုံကိုတင်ကာ မွေးနေ့ ဆုတောင်းပေးခဲ့သည်။
ဂလက်ဒီနှိုက်က ဘီယွန်စေး နှင့် ရိုက်ထားသော ဓာတ်ပုံကို တင်ခဲ့ပြီး “ ငါအမြဲတမ်း မင်းအတွက် ဂုဏ်ယူမိပါတယ်။ ဆက်လက်ပြီး တောက်ပနေပါစေ။ အကောင်းဆုံးတွေလုပ်ပါ။ ”ဟူသော စာသားကို ရေးသားကာ ဘီယွန်စေးအတွက် မွေးနေ့ ဆုမွန်ကောင်းတောင်းပေးခဲ့သည်။