အနာဂတ်ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဖွဲ့အစည်းအသီးသီး၏ သဘောထားအမြင်များ

အနာဂတ်ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဖွဲ့အစည်းအသီးသီး၏ သဘောထားအမြင်များ
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရသစ်လက်ထက်အတွင်း ပထမဆုံးအကြိမ်အဖြစ်လေးရက်ကြာပြုလုပ်ခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံသည် ၂၀၁၆ခုနှစ်၊ စက်တင်ဘာ ၃ရက်တွင် ပြီးဆုံးသွားပြီဖြစ်သည်။ အဆိုပါ ညီလာခံတွင် အဖွဲ့အစည်းအသီးသီး၏ သဘောထားအမြင်များကို လွတ်လပ်စွာတင်ပြခွင့်ရခဲ့သည်။ ညီလာခံသည် လာမည့် အနာဂတ်ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အလားအလာကောင်းများ မည်မျှရရှိခဲ့သည်ကို အဖွဲ့အစည်းအသီးသီး၏ သဘောထားအမြင်များအား မဇ္ဈိမသတင်းထောက် မင်းမင်းက တွေ့ဆုံမေးမြန်းထားပါသည်။

(ဦးမြင့်စိုး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ)

ငြိမ်းချမ်းရေးအလာအလာဆိုတာကတော့ ဒီညီလာခံကြီးလုပ်လိုက်တာနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းတွေအားလုံးက အကုန်လုံးလက်မှတ်ထိုးပြီးတော့ ငြိမ်းချမ်းသွားရမယ်လို့ အဲ့လိုတော့ ပြောလို့မရဘူး။ ဒါက ဆက်လုပ်သွားရမယ့်ဟာတွေပဲ။ ဒါက ယုံကြည်မှုတည်ဆောက်တာပဲ။ သူတို့ပြောချင်တာတွေကို ပြောခွင့်ပြုလိုက်တယ်။ သူတို့ဖြစ်ချင်တာတွေကို တင်ပြခွင့်ပြုလိုက်တယ်။ အဲ့ဒီအပေါ်မှာ သူတု့ိအနေနဲ့ နိုင်ငံတော်အစိုးရအပေါ်ကို ဘယ်လောက်ထိ ယုံကြည်လာမလဲ။ ယုံကြည်လာတာနဲ့အမျှ လက်မှတ်မထိုးရသေးတဲ့အဖွဲ့တွေက သူတို့ ဆက်ညှိနှိုင်းတဲ့အပိုင်းမှာ တစ်ခါတည်း လက်မှတ်ထိုးပြီးတော့ ဆက်လက်သွားမယ့်ခရီးမှာ သူတို့အတူတကွလိုက်ပါမယ်ဆိုရင်တော့ ဒါအကောင်းဆုံးပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ ဒါပြီးတဲ့အခါကျမှ လက်မှတ်မထိုးသေးဘူး၊ စောင့်ကြည့်ဦးမယ်။ ဒီလိုတွေဖြစ်ရင်လည်း ဒါက သူတို့အပိုင်းပဲ။

စဝ်ခွန်ဆိုင်၊ ဒုတိယဥက္ကဌ၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)

ကျွန်တော်တို့ ငြင်းကြ၊ ခုံကြမယ်။ မတူတာတွေကို ညှိကြမယ်။ အဲ့ဒီလိုနဲ့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်မယ်ဆိုရင် ကောင်းမွန်တဲ့အဖြေရလာဒ်တစ်ခု ထွက်လာမယ်လို့ ကျွန်တော်တို့ မြင်ပါတယ်။ အဲ့လိုဆိုရင် လူတိုင်းက ဒီမိုကရေစီရေး၊ ဖက်ဒရယ်ရေး၊ ဒီမိုကရေစီပဲပြောပြီးတော့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ကိစ္စ မပြောရင် တိုင်းရင်းသားပြဿနာ မဖြေရှင်းနိုင်ဘူး။ ဖက်ဒရယ်ပဲပြောပြီးတော့ ဒီမိုကရေစီမပြောရင်လည်း ဖက်ဒရယ်ဟာ အာဏာရှင်စနစ်ဖြစ်သွားမယ်။ ကမ္ဘာပေါ်မှာ ခင်ဗျားတို့လည်း တွေ့မှာပဲ။ ဖက်ဒရယ်ဆိုတာ အမျိုးမျိုးရှိတယ်။ ကျွန်တော်တို့လိုချင်တာကတော့ ‘ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု’ ဒါပါပဲ။

ဒေါက်တာတူးဂျာ၊ ဥက္ကဌ၊ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ

အခုက သူတို့ဒီညီလာခံကျင်းပတာက အားလုံးပါဝင်ရေးဆိုတဲ့ All Inclusive ပေါ့။ ဒါပေမယ့် နည်းနည်းလေးလိုသွားတာက သုံးဖွဲ့(AA, MNDAA, TNLA)က မပါလာဘူး။ ကျန်တာတော့ အားလုံးတက်ပါတယ်။ နောက်ပြီးတော့ တင်ပြစရာရှိတာ အားလုံးတင်ပြကြတယ်။ နောက်ထပ် ခြောက်လကြာတဲ့အခါကျရင် တင်ပြစရာတွေကို ဆွေးနွေးပြီးတော့မှ အဖြေတွေထွက်လာမှာပေါ့။ နောက်တစ်ခါအတွက် ဒီညီလာခံဟာအစပျိုးလိုက်တာပေါ့။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ အရှိန်အဟုန်မြှင့်တင်ပေးတဲ့၊ အစပြုတဲ့ ညီလာခံလို့ ပြောလို့ရတာပေါ့။

မန်းဂျော်နီ(ဝန်ကြီးချုပ်၊ ဧရာဝတီတိုင်း)

အခုဟာက ပထမခြေလှမ်းပဲ ရှိသေးတယ်။ နောက်ဒုတိယအကြိမ်၊ တတိယအကြိမ်လာမယ်။ အဲ့ဒီအချိန်ကျလို့ရှိရင် ဒီဘက်က မေးတယ်။ ဟိုဘက်က ပြန်ဖြေတယ် ဒီလိုတွေလာမယ်။ အခုဒီမှာ ‘ဝ’ ပြန်သွားတယ်ဆိုတာသည် သူ့စိတ်ထဲမှာ နားလည်မှုတစ်ခု မတူလို့ပေါ့။ ဒါကိုလည်းပဲ ငါတို့က ခွင့်လွတ်ရမယ်။ တို့တိုင်းရင်းသားအတွင်းမှာ ခွင့်မလွတ်လို့မရဘူး။ သူ့ကို ပြန်တွေ့ဆုံပြီးတော့ စကားပြောနိုင်ရမယ်။ နားလည်မှုရှိလာအောင် ပြောပြရမယ်။ အဲ့လိုမဟုတ်ဘဲ သူ့ဟာနဲ့သူ ပြန်ပါစေကွာဆိုပြီး သွားလုပ်လို့မရဘူး။ အခုတက်လာတဲ့ခေါင်းဆောင်များအားလုံးဟာ ငြိမ်းချမ်းရေးကိုလိုချင်တဲ့သူတွေချည်းပဲ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ တစ်စုတစ်ဖွဲ့တည်းရဲ့ လိုချင်မှု၊ ရယူလိုမှု အတ္တတွေကို လျှော့လိုက်မယ်ဆိုရင် ငြိမ်းချမ်းရေးက ရကိုရမယ်။

ဗိုလ်မှူးကြီး ခွန်ဥက္ကာ(နာယက၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်)

ကျွန်တော်ကြည့်တာတော့ ဒီပွဲက ရာခိုင်နှုန်းပြည့်အောင်မြင်တယ်ပြောရမယ်။ အခက်အခဲဆိုတာလည်း မပြောပလောက်တဲ့ အခက်အခဲပါ။ အနာဂတ် ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ နိုင်ငံရေးဆွေးနွေးပွဲတွေအတွက် အာမခံချက်ကောင်းကောင်းရသွားအောင် လက်တွေ့ကျကျဖွင့်ပေးလိုက်တဲ့ပွဲဖြစ်တော့ အားလုံးက အမြင်မတူတာ၊ တူတာ အပထား၊ ဒီလိုပွဲတွေမှာ တန်းတူရည်တူ ဆွေးနွေးခွင့်ရတယ်ဆိုတဲ့အချက်က ကောင်းတဲ့အခြေခံအချက်ဖြစ်ပါတယ်။ ပြီးတော့ ဆွေးနွေးချက်တွေက ကွဲလွဲနေတာကို တစ်ဖက်ကိုတစ်ဖက် အသိပေးတာကိုက ကောင်းတဲ့လက္ခဏာ။ ညောင်နှစ်ပင်မှာဆိုရင်လည်း ကွဲလွဲတာပဲ။ တင်ပြခွင့်မရှိဘူး။ ညောင်နှစ်ပင်မှာ ဒီလိုတင်ပြတယ်ဆိုရင် ဒုက္ခရောက်ပြီပဲ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ပြောသလိုပေါ့။ ကွဲလွဲနေတာကို မကွဲလွဲသယောင် ဖုံးဖိထားတယ်။ ပြဿနာကို မရှိသယောင် ဖုံးဖိထားတယ်ဆိုရင် အဲ့ဒါက တစ်နေ့ကျရင် ဒုက္ခတစ်ကယ်ရောက်မယ်။ အခုကျတော့ ကွဲလွဲတာကို ပွင့်ပွင့်လင်းလင်းအော်ပြော၊ အတိုက်အခံလုပ်တာက အများကြီးသက်သာတယ်။

ဦးဦးလှစော(မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်၊ ရခိုင်အမျိုးသားပါတီ)

ဒီမှာက Political Dialogue မပါဘူး။ ကိုယ့်အယူအဆကိုတော့ လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့်လင်းလင်းတင်ပြခွင့်ရပါတယ်။ အဲ့ဒါပဲ။ အဲ့တော့ ဒါတွေကို မှတ်တမ်းယူထားမယ်။ ဒီညီလာခံပြီးတဲ့အခါကျမှ ညီလာခံဖြစ်စဉ်တစ်ခုလုံးကို ပြန်ပြီးတော့ Review လုပ်မယ်။ နောက်တစ်ကြိမ်ညီလာခံကျလို့ရှိရင်တော့ Debate တွေလာမယ်။ အခုက အားပြိုင်မှုတွေရှိတယ်။ တပ်ကထိုင်တဲ့ အထိုင်နဲ့ တိုင်းရင်းသားတွေအထိုင်က မတူဘူး။ အစိုးရဘက်ကလည်း ပြတ်ပြတ်သားသား မပြောဘူး။ ညီလာခံက သူ့အတိုင်းအတာနဲ့ ခန့်မှန်းတယ်ဆိုရင်တော့ အောင်မြင်တယ်။ အကုန်လုံးပါလာစေချင်တယ်။ ဒါပေမယ့် သုံးဖွဲ့မပါဘူး။ ဒီမှာလာကြတယ်။ ကိုယ့်စာတမ်းတွေကို ကြိုက်သလို လွတ်လွတ်လပ်လပ် တင်ပြခွင့်ရတယ်။ ဒါပေမယ့် စီမံခန့်ခွဲမှုအပိုင်းမှာတော့ အားနည်းချက်ရှိတယ်။

ဦးထွန်းဇော်(တွဲဘက်အထွေထွေအတွင်းရေးမှူး- ၁၊ UNFC)

သဘောထားတွေ ကွဲလွဲနေလို့ပဲ နှစ်ပေါင်း ၇၀နီးပါး ပစ်ခတ်တိုက်ခိုက်မှုတွေ မရပ်စဲနိုင်သေးဘူး ဖြစ်နေတာပေါ့။ ပြည်တွင်းစစ်တွေ ဆက်ရှိနေတာပေါ့။ ဒီကွဲလွဲချက်တွေကို နှစ်ဖက်က လက်ခံပြီးတော့မှ ညှိနှိုင်းအဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှုရှိဖို့လိုတယ်လို့ ကျွန်တော်တို့မြင်တယ်။ ဒီညီလာခံမှာ မတူညီတဲ့သဘောထားအမြင်တွေ အများကြီးရှိတယ်။ ဒီမတူညီမှုတွေကို ကျွန်တော်တို့ အတူတကွ ထိုင်ပြီးတော့မှ ညှိနှိုင်းအဖြေရှာမယ်ဆိုတဲ့စိတ်ဆန္ဒနဲ့ သဘောထားတွေပေါ်ပေါက်လာမယ်ဆိုရင် ဒီအခင်းအကျင်းအောက်မှာ အဖြေရှာလို့ရမယ်လို့ ကျွန်တော်တို့မြင်ပါတယ်။

ပဒိုစောကွယ်ထူးဝင်း(အထွေထွေအတွင်းရေးမှူး၊ ကရင်အမျိုးသားအစည်းအရုံး)

ဒီအခင်းအကျင်းမှာ ဆွေးနွေးမှုတွေ ဆုံးဖြတ်ချက်မရှိပေမယ့်လည်း အတည်ပြုမှုရှိတယ်။ အဖွဲ့အစည်းတွေကလည်း သူ့ရဲ့သဘောထားအမြင်တွေကို ပွင့်ပွင့်လင်းလင်းပြောကြတယ်။ တူတဲ့အမြင်တွေရှိသလို မတူတဲ့အမြင်တွေ ရှိကြတယ်။ မတူတဲ့အမြင်တွေကို ဆက်လက်ညှိနှိုင်းရမှာ ဖြစ်တာကြောင့် သဘောထားတွေကို ပိုပြီးတော့ သိလာကြတယ်။ နောက်တစ်ခုကတော့ ဒီအခင်းအကျင်းကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့စိတ်ထဲမှာ လူတစ်ဦးချင်းရဲ့ သဘောထားအမြင်ပေါ့၊ အစိုးရပဲဖြစ်ဖြစ်၊ တပ်မတော်ပဲဖြစ်ဖြစ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကိုတစ်ကယ်သွားချင်တဲ့ အေးချမ်းတဲ့နိုင်ငံကို တည်ဆောက်ချင်တဲ့ဆန္ဒရှိကြတယ်။ ဒါက ကောင်းမွန်တဲ့ အလားအလာတစ်ခုပါ။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို သုံးတဲ့စရိတ်တွေဟာ များသောအားဖြင့် စစ်တိုက်ဖို့အတွက် သုံးတဲ့စရိတ်ပိုများတယ်။ ဒီသုံးတဲ့စရိတ်တွေကလည်း တိုးတက်ဖို့အတွက် မဟုတ်ဘူး။ ဖျက်ဆီးဖို့အတွက်၊ သတ်ဖြတ်ဖို့အတွက်ဖြစ်တာကြောင့် ဒါတွေကို ရပ်ဆိုင်းဖို့အတွက် သွားမယ်ဆိုတာ အကုန်လုံးတော့ စိတ်ထဲမှာ ခံစားမိကြမယ်။ ဒါတွေကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒါကြောင့် ဒီညီလာခံဟာ ငြိမ်းချမ်းရေးသွားဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေက ဆုံးဖြတ်ဖို့ ပိုမိုခိုင်မာလာတယ်လို့ ကျွန်တော်အဲ့ဒီလို ခံစားမိပါတယ်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly