နယူးယော့ခ်၊ သြဂုတ် ၃၀ ။ ။ ဂျနီဖာလိုပက်ဇ်သည် ချစ်သူဖြစ်သူ ကက်စပါစမက်စ်နှင့် လမ်းခွဲခဲ့ပြီးနောက် ရက်အနည်းအငယ်အကြာ ယခုသီတင်းပတ်ကုန်က နယူးယော့ခ်မြို့တွင် ကျင်းပပြုလုပ်သော ခင်ပွန်းဟောင်းဖြစ်သူ မက်စ်အန်သိုနီ၏ ဖျော်ဖြေပွဲတွင် ခင်ပွန်းဟောင်းနှင့်အတူ နှစ်ယောက်တွဲသီချင်းသီဆိုခဲ့သည်။
ဂျေလို နှင့် အန်သိုနီတို့သည် ၂၀၁၄ ခုနှစ်က ကွာရှင်းပြတ်စဲခဲ့ကြပြီး ရှစ်နှစ်အရွယ် အမ်မီ နှင့် မက်ဇ်အမြွှာနှစ်ယောက် ထွန်းကားခဲ့သည်။
အသက် ၄၇ နှစ်အရွယ်ရှိ ဂျေလိုသည် Radio City တေးဂီတခန်းမတွင် ပြုလုပ်သော ခင်ပွန်းဟောင်းဖြစ်သူ၏ ဖျော်ဖြေပွဲတွင် ၁၉၉၉ ခုနှစ်က ထင်ရှားကျော်ကြားခဲ့သော ၎င်းတို့နှစ်ဦး၏တေးသီချင်းတစ်ပုဒ်ဖြစ်သည့် စပိန်ဘာသာဖြင့်သီဆိုထားသော “ No Me Ames” တေးသီချင်းကို နှစ်ယောက်အတူ သီဆိုခဲ့ကြသည်။ ယင်းတေးသီချင်းသည် ဂျေလို၏ ပွဲဦးထွက် တေးအယ်လ်ဘမ် “ On The 6” တွင် ပါဝင်ခဲ့သည်။
ဂျေလိုသည် မင်းသား ဘန်အက်ဖ်လက်ခ် နှင့် လမ်းခွဲခဲ့ပြီးနောက် မကြာမီ ၂၀၀၄ ခုနှစ်က မက်စ်အန်သိုနီနှင့် လက်ထပ်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြပြီး ၂၀၁၄ ခုနှစ် အပြီးသတ် ကွာရှင်းပြတ်စဲခဲ့ပြီးနောက် ဂျေလိုသည် အမြွှာနှစ်ယောက်ကို စောင့်ရှောက်ခွင့်ရရှိခဲ့သည်။
ယခုသီတင်းပတ် အစောပိုင်းက ဂျေလိုသည် လက်ရှိတွဲနေသော ချစ်သူ ကက်စပါစမက်စ် နှင့် လွမ်းခဲ့လိုက်ပြီဖြစ်ကြောင်း သတင်းအရင်းမြစ်တစ်ခုက People မဂ္ဂဇင်းကို ပြောကြားခဲ့သည်။