KIO နှင့် UNFC ကိုယ်စားလှယ်များ ၂၁ ရာစု ပင်လုံညီလာခံ တက်ရန် ရန်ကုန်သို့ ထွက်ခွာ

KIO နှင့် UNFC ကိုယ်စားလှယ်များ ၂၁ ရာစု ပင်လုံညီလာခံ တက်ရန် ရန်ကုန်သို့ ထွက်ခွာ

ချင်းမိုင်၊ သြဂုတ် ၂၉ ။             ။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော အဖွဲ့သည် ၂၁ရာစု ပင်လုံညီလာခံ တက်ရောက်ရန် ရန်ကုန်မြို့သို့ သြဂုတ်လ ၂၉ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှ ထွက် ခွာသွားပြီ ဖြစ်သည်။

သြဂုတ်လ ၃၁ ရက်နေ့ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -၂၁ ရာစုပင်လုံ ညီလာခံ ဖွင့်ပွဲ အခမ်းအနား တွင် UNFC ဥက္ကဋ္ဌက အမှာစကား ပြောကြားမည် ဖြစ်ပြီး ယင်းကိုယ်စားလှယ်များသည်  ၅ရက်ကြာ ကျင်းပမည့် ညီလာခံ ပြီးဆုံးသည်အထိ တက်ရာက်သွားမည် ဖြစ်ကြောင်း UNFC က ကြေငြာချက် ထုတ်ပြန်ထားသည်။

အလားတူ ၂၁ ရာစု ပင်လုံ ညီလာခံ တက်ရောက်ရန်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့(KIO)မှ ဆရာကြီး ဦးဆွမ်လွတ် ဂျမ် ဦးဆောင်သော ကိုယ်စားလှယ်များ ဌာနချုပ် လိုင်ဇာမြို့မှ မြစ်ကြီးနားမြို့သို့ သြဂုတ်လ ၂၉ ရက်က စတင်ထွက်ခွာ လာနေပြီ ဖြစ်ကြောင်းလည်း သိရသည်။

KIO မှ ဆရာကြီး ဦးဆွမ်လွှတ်ဂမ်၊ ဗိုလ်မှူးကြီး လဖိုင်လ၊ ဗိုလ်မှူးကြီး ဆင်ဝါး၊ ဗိုလ်မှူးကြီး ဂျီးနောင်၊ ဆရာကြီး နော်ထွဲ တို့ အပါအဝင် ၆ ဦးနှင့် ကချင်အမျိုးသမီးအစည်းအရုံး(KWA)မှ အမျုးိသမီး ၂ ဦးတို့လည်း ပါဝင်ကြောင်း KIO မှ ပြန် ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“ဌာချုပ်က ကိုယ်စားလှယ်တွေက လိုင်ဇာ-နမ်ဆန်ယန်-မြစ်ကြီးနားလမ်းကြောင်းကနေ ဒီမနက်သွားလိုက်ပြီ။ ဒီကနေ သွားတာက ဦးဆွမ်လွတ်ဂမ် ဦးဆောင်တဲ့အဖွဲ့တွေ ဖြစ်ပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

KIO ဗဟိုကော်မတီဝင် ၆ ဦး၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလက အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ရန်အတွက်  KIO နှင့် အ ရပ်သားများဖြင့် ဖွဲ့စည်းထားသည့် “ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးရှေ့လုပ်ငန်းစဉ် အကြံပေးအဖွဲ့နှင့် ကချင်အမျိုး သမီးအဖွဲ့ အစည်း(KWA)မှ ကိုယ်စားလှယ် အပါအဝင် KIO ကိုယ်စားလှယ်အဖြစ် ၂၄ ဦး တက်ရောက်မည် ဖြစ်သည်။

KIO က UNFC ၏ ဦးဆောင်မှုဖြင့် ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်မည် ဖြစ်ကြောင်း သြဂုတ်လ ၂၇ ရက် တွင်  KIO မှ ဒုဥက္ကဌ(၂) ဗိုလ်ချုပ်ဂွန်မော်က သဘောထား ထုတ်ပြန်ထားသည်။

နေပြည်တော်တွင် ၂၁ ရာစုပင်လုံ ညီလာခံ ကျင်းပရန် ပြင်ဆင်နေသော်လည်း တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးသေးသော ကချင်လွတ်လပ်ရေး တပ်မတော်(KIA)နှင့်   မြန်မာ့တပ်မတော် တို့အကြား ရှမ်းပြည်နယ် မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ရှမ်းပြည် တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ် မတော် (SSPP/SSA)နှင့်   မြန်မာ့တပ်မတော်တို့ကြား သြဂုတ်လ ၂၈ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့ သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags