ဘရစ်တနီစပီးယား၏ နဝမမြောက် တေးအယ်လ်ဘမ်သစ် “ Glory” ထွက်ရှိပြီ

ဘရစ်တနီစပီးယား၏ နဝမမြောက် တေးအယ်လ်ဘမ်သစ် “ Glory” ထွက်ရှိပြီ

နယူးယော့ခ်၊ သြဂုတ် ၂၇ ။           ။ ကမ္ဘာကျော်အဆိုတော် ဘရစ်တနီစပီးယားသည် သြဂုတ်၂၈ရက်တွင် နယူးယော့ခ်မြို့၌ ကျင်းပပြုလုပ်မည့်  အမ်တီဗီတေးဂီတဗီဒီယိုဆုပေးပွဲ (VMA) တွင် ဖျော်ဖြေမှုမတိုင်မီ သြဂုတ် ၂၆ရက်က ၎င်း၏ နဝမမြောက် တေးအယ်လ်ဘမ်သစ် “ Glory” ကို  ဖြန့်ချိခဲ့သည်။

အသက် ၃၄ နှစ်အရွယ်ရှိ ဘရစ်တနီစပီးယားသည် ၂၀၀၆ - ၂၀၀၇ ခုနှစ်က ၎င်း၏ထူးခြားလှသော ရွှေရောင်ဖျော့ဆံပင်များကို ဖယ်ရှားခြင်း နှင့် ကလေးနှစ်ယောက် ထိန်းသိမ်းစောင့်ရှောက်ခွင့် ဆုံးရှုံးခြင်းစသည့်  ပုဂ္ဂိုလ်ရေးရာ ကိစ္စများ ဖြစ်ပွားမှုမတိုင်ခင်က ပေါ့ပ်တေးဂီတတွင် ကြီးစိုးထားသူတစ်ဦးဖြစ်သည်။

၂၀၀၈ ခုနှစ်နှောင်းပိုင်းက ဂီတလောကကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး လွန်ခဲ့သည့်သုံးနှစ်က လက်စ်ဗီးဂက်စ်ဖျော်ဖြေပွဲတွင် ဖျော်ဖြေလျက်ရှိသည်။ သို့ရာတွင် တေးအယ်လ်ဘမ်သစ် နှင့်  VMA တွင် ဖျော်ဖြေရန် ပါဝင်ခြင်းက ဘရစ်တနီစပီယား ဂီတလောကထဲသို့ တစ်ဖန်ပြန်လည်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ Glory” သည်  သြဂုတ် ၂၆ရက်က ဆော်ဒီ ၊ အာရေဘီယျ ၊ ချီလီ နှင့် ရုရှအပါအဝင် နိုင်ငံပေါင်း ၄၀ကျော်ရှိ  iTunes တေးဂီတဇယားများတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။  Rolling Stone မဂ္ဂဇင်း၏ စာနယ်ဇင်းသမား  ရော့ဘ်ရှက်ဖီးလ်က “ Glory” တေးအယ်လ်ဘမ်သည် ဘရစ်တနီစပီယားအတွက် အလွန်ပြောင်မြောက်သော တစ်ကျော့ပြန်ခေတ်ထခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

စပီးယားသည် VMA ဖျော်ဖြေပွဲတွင် ရက်ပါ ဂျီ-အစ်ဇေး နှင့်အတူ “ Make Me” တေးသီချင်းကို ဖျော်ဖြေသွားမည်ဖြစ်သည်။၂၀၀၇ ခုနှစ်က “ Gimme More” တေးသီချင်းဖြင့် ဖျော်ဖြေပြီးနောက်ပိုင်း ယင်းဖျော်ဖြေမှုသည် ဘရစ်တနီ၏ ပထမဆုံးဖျော်ဖြေမှုဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly