ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် အွန်နရီခန့်အပ်ခံရ

ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် အွန်နရီခန့်အပ်ခံရ

သြဂုတ် ၂၇၊ ဘယ်လ်ဂျီယံ။     ။ အာဆင်နယ်၊ ဘာစီလိုနာနှင့် ပြင်သစ်တိုက်စစ်မှူးဟောင်း အွန်နရီသည် ဘယ်လ်ဂျီယံ လက်ရွေးစင်အသင်း လက်ထောက်နည်းပြ အဖြစ်ခန့်အပ်ခံလိုက်ရပြီဖြစ်သည်။

အွန်နရီသည် သြဂုတ်လတွင် မာ့ခ်ဝီလ်မို့စ်၏နေရာတွင် အစားထိုးခန့်အပ်ခံရသော မာတီနက်ဇ်၏နည်းပြအဖွဲ့နှင့် ပူးပေါင်းမည် ဖြစ်သည်။

“အွန်နရီဟာ အရေးပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မတူခြားနားတဲ့အရာတွေကို သူကဆောင်ယူလာပါလိမ့်မယ်။ ကျွန်တော်တို့ နဲ့ ပူးပေါင်းဖို့မှန်ကန်တဲ့လမ်းကို သူရွေးလိုက်တာပါ”ဟု အဲဗာတန်နည်းပြဟောင်း မာတီနက်ဇ်က ပြောသည်။

အသက် ၃၉ နှစ်အရွယ်ရှိအွန်နရီကလည်း “လက်ထောက်နည်းပြတစ်ယောက်ဖြစ်ရတာမှာမို့ ဂုဏ်ယူတယ်။ အရမ်းစိတ်လှုပ်ရှား တယ်။ မစောင့်နိုင်တော့ဘူး”ဟု တွစ်တာတွင် ရေးထားသည်။

အွန်နရီသည် ဆွမ်ဆီး၊ ဝီဂန်၊ အဲဗာတန်တို့တွင် မာတီနက်ဇ်၏လက်ထောက်အဖြစ်တောက်လျှောက်လုပ်ကိုင်ခဲ့သော ဂရေမီဂျုံးစ် နှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်သည်။

မာတီနက်ဇ်သည် စက်တင်ဘာ ၁ တွင် စပိန်နှင့်ကစားရမည့်ခြေစမ်းပွဲအတွက် ၎င်း၏ပထမဆုံးလက်ရွေးစင်အသင်းလူစာရင်းကို သောကြာနေ့တွင် ထုတ်ပြန်ထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly