သြဂုတ် ၂၇ ။ ။ နီပေါနိုင်ငံ အလယ်ပိုင်းတွင် သြဂုတ်လ ၂၆ ရက်က လူအပြည့်အသိပ် တင်ဆောင်လာသော ဘတ်စ်ကားတစ်စီး မြစ်တစ်ခုတွင်းသို့ ထိုးကျသွားခဲ့ရာ အနည်းဆုံး ၂၂ ဦး သေဆုံးသွားသည်ဟု တာဝန်ရှိသူများက ပြောသည်။
ဘတ်စ်ကားသည် ချစ်ဝမ်ဒေသ ချန်ဒီဘန်ယန်း ကျေးရွာရှိ အဝေးပြေးလမ်းမအနီး ထရီရှုလီ မြစ်တွင်းသို့ ထိုးကျသွားခဲ့ခြင်းဖြစ်သည်။ ကနဦးသတင်းများအရ ၂၂ ဦးသေဆုံးခဲ့ပြီဖြစ်ကြောင်း ဒေသ လက်ထောက်အကြီးအကဲ ချက် နာရာယန် ရှာမာ ဂီမိုင်ရာက ပြောသည်။ အခြား ခရီးသည် ၁၆ ဦးကိုမူ ရှာဖွေကယ်ဆယ်ရေးသမားများက ကယ်တင်နိုင်ခဲ့သည်ဟု သိရသည်။
ယင်းဘတ်စ်ကားသည် တောင်ပိုင်းဒေသ ရော်တာဟက်မှ ခရီးသွားမြို့ ပိုခါရာသို့ ဦးတည်သွားလာခဲ့စဉ် ယခုအဖြစ်ဆိုးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။
ယင်းနိုင်ငံရှိ အမြန်လမ်းမများတွင် မကြာခဏဆိုသလို ယခုကဲ့သို့ ယာဉ် မတော်တဆမှုဖြစ်စဉ်များ ပေါ်ပေါက်ထားခဲ့ပြီး လမ်းမကောင်းမှု၊ ယာဉ်များကို ထိန်းသိမ်းမှု အားနည်းခြင်း၊ မဆင်မခြင် မောင်းနှင်ခြင်းများကြောင့် လူသေဆုံးစေသည့် မတော်တဆမှုများ ဖြစ်ပေါ်ထားခဲ့သည်။