အရေးကြီး ကိစ္စများအတွက် ကိုယ်တိုင် ငွေကြေးစိုက်ထုတ်ရန် အိန္ဒိယ စီးပွားရေးပညာရှင် မြန်မာအစိုးရကို တိုက်တွန်း

အရေးကြီး ကိစ္စများအတွက် ကိုယ်တိုင် ငွေကြေးစိုက်ထုတ်ရန် အိန္ဒိယ စီးပွားရေးပညာရှင် မြန်မာအစိုးရကို တိုက်တွန်း

နိုင်ငံတစ်နိုင်ငံ၏ အရေးတကြီး လိုအပ်ချက်များကို အစိုးရက ငွေကြေးစိုက်ထုတ် သုံးစွဲခြင်းဖြင့်သာ အောင်မြင်ပြီးစီး နိုင်မည်ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ အလွတ်သဘော ဖိုရမ်တစ်ခုသို့ တက်ရောက်လာသူ တာဝန်ရှိပုဂ္ဂိုလ်များအား အိန္ဒိယ စီးပွားရေးပညာရှင် ပါမောက္ခ JayatiGhosh က ပြောသွားသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အထင်အမြင် ယူဆချက်များ မျှဝေဖလှယ်နိုင်ရေးအလို့ငှာ မြန်မာနိုင်ငံမှ မူဝါဒ ချမှတ်သူများ၊ ကျွမ်းကျင်ပုဂ္ဂိုလ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ အစိုးရတာဝန်ရှိသူများ၊ NGOs များနှင့် တွေ့ဆုံသော ဖိုရမ်တစ်ခုတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို သြဂုတ်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး ActionAid Myanmar နှင့် Mizzima မီဒီယာဂရုတို့မှ စီစဉ်ကျင်းပခြင်းဖြစ်သည်။ နိုင်ငံကို လေးရက်ကြာ အလည်အပတ်ခရီးရောက်ရှိနသည့် အိန္ဒိယ Jawaharlal Nehru တက္ကသိုလ်မှ ပါမောက္ခများဖြစ်ကြသော JayatiGhosh နှင့် C P Chandrasekhar တို့ တက်ရောက်ဆွေးနွေးပေးခဲ့သည်။

နိုင်ငံစီးပွားရေးကို ကိုင်တွယ်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ အစိုးရများ မည်ကဲ့သို့ လုပ်ဆောင်သင့်သည် ဆိုသည့်အကြောင်းအရာနှင့် ပတ်သက်၍ ဆွေးနွေးပေးသွားခဲ့သည်။ " အစိုးရကို ငွေပေးတာက မကောင်းဘူးလို့ လူတွေက ပြောကြပါတယ်၊ အဲဒီလို ငွေချေးနေရတဲ့အစိုးရအတွက်ကတော့ မကောင်းလှပါဘူး၊ ဒါပေမယ့်လည်း ဖွံ့ဖြိုးပြီး နိုင်ငံတွေအားလုံးဟာ ကြီးမားတဲ့ အရင်းအမြစ်တွေကို ထုတ်ပေးခဲ့ကြပါတယ်၊ သမိုင်းကြောင်းအရတော့ အဲဒါဟာ ငွေကြေးဖောင်းပွမှုကို ဖြစ်စေသင့်ခဲ့တာပါ၊ ဒါဆိုရင် ကျွန်မတိုအနေနဲ့ ပုဂ္ဂလိကကဏ္ဍ ဒါမှမဟုတ် ပြည်သူပိုင်ကဏ္ဍကို ပေးမလား ရွေးချယ်ရပါမယ်၊ ကျွန်မအမြင်ကတော့ အရေးတကြီးလိုအပ်နေတာတွေအတွက်ကတော့ အစိုးရရဲ့ ငွေကြေးသုံးစွဲမှုနဲ့ပဲ လုပ်ဆောင်နိုင်ပါလိမ့်မယ်" လို့ သူမက ပြောသွားသည်။

" ခုချိန်မှာ ရွေးချယ်ရမယ့်အရာတွေနဲ့ပတ်သက်လို့ကတော့ စိတ်ဝင်စားစရာကောင်းပါတယ်၊ တကယ်ဆိုရင် အစိုးရမှာလည်း အရင်းအမြစ်တွေက အကန့်အသတ်နဲ့ပဲ ရှိနေတာပါ၊ လူမှု မူဝါဒကို ရွေးမလား? စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ရွေးမလား?  ကျွန်မကတော့ ဒါကို ဒွိနှစ်ခုစလုံးလို့ ထင်ပါတယ်၊ စီးပွားရေး တိုးတက်မှုအတွက် လုပ်နေတယ်ဆိုရင် လူမှုဆိုင်ရာအတွက် သုံးစွဲမှုပိုင်းကိုလည်း မေ့ထားလို့မရပါဘူး၊ အရေးကြီးတာက အစိုးရအနေနဲ့ကတော့ အခြေခံအဆောက်အအုံ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ လူမှုအခြေခံအဆောက်အအုံ  ပိုင်းမှာ အမှန်တကယ် သုံးစွဲရမယ်လို့ ထင်ပါတယ်၊ အခြေခံအဆောက်အအုံတွေထဲမှာ လမ်းတွေ၊ အိမ်ထောင်စုတိုင်းအတွက်လျှပ်စစ်မီးရရှိမှု၊ ရေ စတာတွေပါဝင်ပါတယ်၊ လူမှု အခြေခံအဆောက်အအုံပိင်းမှာလည်း ကျန်းမာရေး၊ ပညာရေး၊ အာဟာရ ပြည့်ဝမှု အားလုံးပါဝင်ပါတယ်" လို့ ပြောပါတယ်။

အရှေ့တောင်အာရှ အရှေ့ခြမ်းမှာဆိုရင် ဒါကို ပြနိုင်တဲ့ ဥပမာကောင်းတွေ ရှိပါတယ်၊ သူတို့တွေ နှစ်ခုစလုံးကို လုပ်ဆောင်ခဲ့ပါတယ်။ သူတို့တွေ ရုပ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံတစ်ခုတည်းမှာပဲ သုံးစွဲခဲ့ကြတာမဟုတ်ပါဘူး။ အိုးကြီးတစ်လုံးတည်းကိုပဲ ငွေတွေအားလုံး မထည့်ဘဲ အိုးငယ်လေးတွေခွဲပြီး ငွေအနည်းငယ်တွေ မျှထည့်ရပါလိမ့်မယ်၊ လူမှုဆိုင်ရာပိုင်းမှာ သုံးစွဲတာက စီးပွားရေးတိုးတက်မှုကိုလည်းဖြစ်စေနိုင်ပါတယ်" လို့ လည်း သူမက ပြောသွားပါတယ်။

မြစ်တစ်ခုတွင်း၌ ကျောက်တုံးများကို နင်းပြီးဖြတ်ရန် အချိန်အနည်းငယ်စောင့်ရန်လိုအပ်နေသည်နှင့်ပတ်သက်၍ သဘောပေါက်နားလည်ကြောင်းလည်း ၎င်းက ပြောသည်။

"  ကျွန်မတို့အနေနဲ့ကတော့ နိုင်ငံတစ်နိုင်ငံကို လာပြီး ဘာတွေဘယ်လိုလုပ်ရမလဲဆိုတာကို ကြီးကြီးမားမားအလုံးစုံ အကြံဉာဏ်မျိုးတွေ ပေးနိုင်မှာမဟုတ်ပါဘူး၊ ဒါပေမယ့် ယနေ့ခေတ် မြန်မာနိုင်ငံလိုမျိုး ဖွံ့ဖြိုးဆဲနိုင်ငံမှာ ဘာအရေးကိစ္စတွေက အရေးတကြီးလုပ်ဆောင်ရမလဲဆိုတာနဲ့ပတ်သက်လို့ကတော့ အကြံပေးနိုင်ကောင်းပေးနိုင်ပါတယ်" လို့လည်း သူမက ပြောသွားသည်။

အလားတူ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ကြောင်းနှင့် ကာလလယ် သက်တမ်း မဟာဗျူဟာတစ်ရပ်လည်း လိုအပ်ကြောင်း သူမက ဆိုသည်။ ယင်းကို အစောပိုင်းကာလက စီမံကိန်းရေးဆွဲခြင်းဟု ခေါ်ကြောင်း၊ စီမံကိန်းရေးဆွဲခြင်းဆိုသည့် အမည်မှာလက်ရှိအချိန်တွင် မသင့်တော်တော့ကြောင်းနှင့် ယင်းမှာ တိုက်ရိုက်စီမံကိန်းရေးဆွဲခြင်းနှင့် ဆက်နွယ်နေ၍ဖြစ်ကြောင်း ပြောသည်။

"အထက်ပါလုပ်ဆောင်မှုတွေမှာ ကုန်သွယ်မှု၊ စက်မှုဆိုင်ရာမူဝါဒမရှိဘဲ လုပ်ဆောင်လို့ မရပါဘူး၊ ယနေ့ခေတ် နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း အသိအမှတ်ပြုထားတဲ့ဟာတွေ မဟုတ်ပါဘူး၊ စက်မှု မူဝါဒ ဆိုတာက လူတွေပြောကြာတာကတော့ နှစ်ဆယ်ရာစုလယ်လောက်ကတည်းက အသုံးပြုခဲ့တယ်လို့ သိရပါတယ်၊ ခုချိန်မှာတော့ သင့်လျော်ခြင်းမရှိတော့ပါဘူး၊ ဒါပေမယ့် တကယ်တမ်းကျတော့ တက်ကြွတဲ့ ကုန်သွယ်မှု ဝါဒနဲ့ စက်မှု မူဝါဒမရှိဘဲ ဖွံ့ဖြိုးတိုးတက်ထားတဲ့ နိုင်ငံတစ်နိုင်ငံမှ မရှိခဲ့ပါဘူး၊ ခုချိန်မှာတော့ ပိုလို့တောင်ခက်ခဲလာပါပြီ၊ WTO ရှိလာပြီ၊ အခြား အကန့်အသတ်တွေအများကြီး ရှိလာပြီ၊ ဘာပဲဖြစ်ဖြစ် ဒီအရာတွေထဲက တော်တော်များများကတော့ အခုထက်ထိ လုပ်နေဆဲပါ၊ အထူးသဖြင့် မြန်မာနိုင်ငံလို နိုင်ငံမျိုးပေါ့၊ ပြည်တွင်း စည်းမျဉ်းတွေ၊ ကုန်ကြမ်းထုတ်လုပ်မှုတို့လို အကြောင်းအရာများကိုလည်း စဉ်းစားဖို့ လိုလာပါပြီ၊ အဲဒါတွေက ရင်းနှီးမြုှပ်နံှသူတွေနဲ့ ထုတ်လုပ်သူတွေကို စီးပွားရေးလုပ်ငန်းတွင်းမှာပဲ အလုပ်အကိုင်ပိုမိုခန့်ထားနိုင်မှုတို့လို ဖြစ်လာစေနိုင်ပါတယ်" လို့ သူမက ပြောသည်။

" ကုန်ကြမ်းပစ္စည်းတွေအတွက် ပို့ကုန်ပိတ်ပင်မှုမျိုးတွေလို့ ကိစ္စတွေလည်း ရှိပါတယ်၊ ဒါဟာလည်း အလွန်ထိရောက်တယ်ဆိုတာ သက်သေပြခဲ့ပြီးပါပြီ၊ ၂၀၀၀ ပြည့်နှစ်တုန်းက ကြေးနီအဓိက တင်ပို့သူဖြစ်တဲ့ ကွန်ဂို နိုင်ငံမှာဆိုရင် ကြေးနီကုန်ကြမ်းကို ပိတ်ပင်လိုက်တယ်၊ ခုချိန်မှာတော့ သူတို့ဟာ တန်ဖိုးပေါင်းထည့် ကြေးနီတွေကို ထုတ်လုပ်တင်ပို့နေနိုင်ပြီဖြစ်ပါတယ်၊ ပန်းစိုက်တဲ့ အီသီးယိုးပီးယားမှာဆိုရင်လည်း ဥယာဉ်စိုက်ပျိုးရေးအတတ်ပညာနဲ့ တန်ဖိုးပေါင်းထည့် နည်းပညာတွေ ပေါ်ပေါက်ခဲ့တာကြောင့် ခုဆိုရင် သူတို့ဟာ ဟော်လန်ပြီးရင် ကမ္ဘာ့ဒုတိယအကြီးဆုံး ပန်းတင်ပို့သူနိုင်ငံဖြစ်နေပါပြီ" လို့လည်း သူမက ဆိုသည်။

အလားတူ လူမှုမူဝါဒ အသုံးပြုရမည့်အကြောင်းနှင့်ပတ်သက်၍လည်း သူမက ပြောကြားသွားသေးသည်။

" လူမှုမူဝါဒကလည်း ဖွံ့ဖြိုးတိုးတက်ရေးအဆင့်တစ်ခုရောက်အောင် လုပ်နိုင်တယ်လို့ သိရပါတယ်၊ အစိုးရတွေကတော့ ပြောကြပါလိမ့်မယ်၊ ငါတို့မှာ ငွေမှ မရှိတာ၊ ဘယ်လိုလုပ် လူမှုမူဝါဒတစ်ရပ်အတွက် တတ်နိုင်မှာလဲ? လူမှု ကာကွယ်မှုတွေ၊ ကျန်းမာရေး ၊အာဟာရပြည့်မီရေး၊ အိမ်ယာ စတာတွေ အားလုံးကို ဘယ်လို ထောက်ပံ့နိုင်မှာလဲ လို့ ပြောလာကြပါလိမ့်မယ်၊ ကျွန်မတို့မှာ အရင်းအမြစ်တော့မရှိပါဘူး၊ တစ်ဦးချင်း ဝင်ငွေတိုးတက်အောင်အရင်လုပ်ရမှာဖြစ်ပြီး အဲဒီနောက်မှ ကျန်တာကို ဆက်လုပ်ရမှာပါ၊ အောင်မြင်တဲ့ နိုင်ငံတွေ အများကြီး တွေ့ရမှာပါ၊ အကောင်းဆုံး ဥပမာကတော့ နောဒစ် နိုင်ငံတွေပါ ဖင်လန်လိုမျိုးနိုင်ငံတွေက အရင် ၂၀ ရာစတုန်းကဆိုရင် အိန္ဒိယထက် အမှန်တကယ်ဆင်းရဲခဲ့ပါတယ်၊ ဖွံ့ဖြိုးမှုလည်း နောက်ကျခဲ့ပါတယ်၊ အဲဒီ နောဒစ်နိုင်ငံတွေဟာ လူမှု မူဝါဒကို လက်နက်တစ်ခုလို သုံးခဲ့ပါတယ် ခုချိန်မှာတော့ အဲဒီရဲ့ အကျိုးတွေကို ကောင်းကောင်းကြီး ခံစားနေရပါပြီ " ဟု သူမက ဆိုသည်။

" ပထမဆုံး လုပ်ရမှာက အလုပ်အကိုင် ခန့်ထားမှုပါ၊ လုပ်ငန်းကဏ္ဍတွေအားလုံးက အလုပ်အကိုင်ခန့်အပ်မှု အခြေပြုဖို့လိုပါတယ်၊ ကျန်းမာရေး ပိုင်းမှာလည်း အလုပ်အကိုင်ခန့်ထားမှုကောင်းဖို့လိုပါတယ်၊ ပညာရေးပိုင်းမှာရောပေါ့၊ သင် အလုပ်အကိုင်ခန့်ထားတဲ့နေရာမှာ အဲဒီသူတွေကို အစိုးရပိုင်ငွေတွေထဲကနေ ပေးရပါမယ်၊ အဲဒီမှာ သူတို့ များများသုံးနိုင်မယ်၊ များများသုံးနိုင်မှ ကောင်းတဲ့အကျိုးဆက်တွေ ဆက်ရလာပါမယ်၊ ဒါဟာ အလုပ်အကိုင်ခန့်ထားမှုရဲ့ ကောင်းကျိုးတစ်ခုပါပဲ" ဟု ပြောသည်။

" ဒုတိယလမ်းကြောင်းကတော့ ကျန်းမာရေးနဲ့ ပညာရေးပိုင်းမှာ ပိုသုံးလေလေ ကျန်းမာသန်စွမ်းတဲ့ ထုတ်လုပ်နိုင်စွမ်း၊ ကျွမ်းကျင်မှုတွေ ရှိကြတဲ့ လုပ်သားတွေ ထွက်ပေါ်လာမှာဖြစ်ပါတယ်၊ ဥပမာအနေနဲ့ တောင်ကိုရီးယား၊ မလေးရှားတို့လို နိုင်ငံတွေမှာဆိုရင် သူတို့အတွက် ပညာရေးက ဘယ်လောက်အရေးပါသလဲဆိုတာကို ပြသခဲ့ကြပါတယ်၊ တကယ့်ကို ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ မရှိဘဲ ထုတ်လုပ်မှုကောင်းကောင်းလုပ်နိုင်မှာမဟုတ်ပါဘူး၊ ဒါကြောင့်မို့ ဒီလိုကဏ္ဍတွေမှာ ငွေကြေးစိုက်ထူသုံးစွဲတာက မြန်မာနိုင်ငံလို နိုင်ငံအတွက်အရေးကြီးတယ်လို့ ထင်ပါတယ်" ဟု ဆိုသည်။

သို့သော် ကိစ္စရပ်များကို ဖုတ်ပူမီးတိုက်လုပ်ဆောင်ခြင်း၏ ဆိုးကျိုးများကိုလည်း သတိပေးသွားခဲ့သည်။

" ပြောင်းလဲမှု မြန်လွန်းရင် ဆုံးရှုံးမှုတွေလည်းဖြစ်နိုင်ပါတယ်၊ လူတွေ သူတို့ရဲ့ မြေတွေဆုံးရှုံးမယ်၊ အစဉ်အလာ အသက်မွေးမှုတွေ ဆုံးရှုံးမယ်၊ အဲဒီလိုအခါကျရင် လူမှုဆိုင်ရာတွေ ပြောင်းလဲမှုနဲ့အတူ တင်းမာမှုတွေပါပေါ်ပေါက်လာမယ်၊ ဒီလိုမျိုးတင်းမာမှုတွေကို အမှန်တကယ်ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လူမှုမူဝါဒတစ်ရပ်လိုအပ်ပါတယ်၊ လူမှုမူဝါဒကောင်းတစ်ရပ်က နိုင်ငံတွေကို တည်ငြိမ်အေးချမ်းတဲ့ အခြေအနေတစ်ခုကို ရောက်ဖို့ ဘယ်လောက်တောင်အရေးပါလဲဆိုတာ ရှင်တို့ မြင်နိုင်ပါလိမ့်မယ်၊ မြန်မာနိုင်ငံလိုမျိုး မတူညီတဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေရှိနေပြီး ပဋိပက္ခတွေအများကြီး ရှိခဲ့တဲ့ နိုင်ငံမှာ လူမှုမူဝါဒတစ်ရပ်လိုပါတယ်" ဟု သူမက ဆိုသည်။

" ပြီးတော့ လူမှုအကာအကွယ်ပိုင်းကိုလည်း သတိပြုရပါမယ်၊ ဒါကို လူမှုကာကွယ်ရေးဥပဒေလို့ ခေါ်ဖို့ ကမ္ဘာတစ်ဝန်း ဆွေးနွေးမှုတွေရှိပါတယ်၊ နိုင်ငံသားတစ်ဦးချင်းစီတိုင်းအတွက်ကတော့ အနည်းဆုံးအနေနဲ့ လူမှုအထောက်အပံ့တွေ ရရှိကြရပါမယ်၊ တစ်နိုင်ငံနဲ့တစ်နိုင်ငံကတော့ တူကြမှာမဟုတ်ပါဘူး၊ ဒါပေမယ့် အဲဒီလို လူမှုကာကွယ်မှုတွေ စနစ်တကျလုပ်ဆောင်ထားရှိတဲ့ နိုင်ငံတွေမှာဆိုရင် ဆင်းရဲချမ်းသာ မညီမျှမှု၊ ဒေသအချင်းချင်း၊ လူမျိုးအချင်းချင်း၊ ကျားမ စိတ်ဝမ်းကွဲတာမျိုးလို ကိစ္စရပ်တွေကိုကိုင်တွယ်တဲ့နေရာမှာ ပိုမိုလွယ်ကူတာကို တွေ့ရပါတယ်၊ ဒါဟာတကယ့်တော့ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ်" ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်လည်း ကန့်သတ်မှုများစွာ ရှိနေနိုင်သော်လည်း အရေးကြီးဆုံးက ပြုလွယ်ပြောင်းလွယ်ဖြစ်မှုကို အသုံးပြုရမည်ဖြစ်သည်ဟု သူမက ဆိုသည်။

ပြုလွယ်ပြောင်းလွယ်ဖြစ်မှုများစွာ ရှိကြောင်း နှင့် WTO က ခွင့်ပြုထောက်ပံ့ပေးထားသော ပြုလွယ်ပြောင်းလွယ်ဖြစ်မှုများနှင့် အာဆီယံဒေသတွင်း ပြုလွယ်ပြောင်းလွယ်ဖြစ်နိုင်မှုများကို အသုံးချရမည်ဖြစ်သည်ဟု ဆိုသည်။

မြန်မာအစိုးရအနေဖြင့် နှစ်နိုင်ငံ စာချုပ်စာတမ်းများကို လက်မှတ်ထိုးချိန်တွင် အထူးသတိပြုလုပ်ဆောင်ရန်လိုကြောင်းလည်း သူမက ပြောသည်။ " အဲဒါတွေက ချက်ချင်းကြီးတော့   ပြဿနာတစ်ခုအနေနဲ့ တွေ့ရမှာမဟုတ်ပေမယ့် ရေရှည်မှာတော့ တကယ့်ကို ကြီးမားတဲ့ ဖြေရှင်းစရာကိစ္စတွေ ဖြစ်လာပါလိမ့်မယ်" ဟု ဆိုသည်။

" ကျွန်မတို့ အိန္ဒိယအစိုးရဟာလည်း ရင်းနှီးမြုှပ်နှံမှု စာချုပ်တွေ ချုပ်ဆိုထားခဲ့ပါတယ်၊ ဒါပေမယ့်လည်း အဲဒီထဲမှာ ကျွန်မတို့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်မယ့် အချက်တွေ ထည့်သွင်းထားပါတယ်" ဟု ပြောသည်။

နှစ်ဦးနှစ်ဘက်ချုပ်ဆိုသည့် စာချုပ်များကြောင့် နိုင်ငံကို ပြဿနာများအောက်ကျရောက်သွားသည့်အဖြစ်မျိုး မရှိစေရန်လိုအပ်သည်ဟု ဆိုသည်။

Mizzima Weekly