ဥရောပအကောင်းဆုံး ကစားသမားဆုရရှိခြင်းအတွက် အသင်းဖော်များကို စီရော်နယ်ဒို ကျေးဇူးတင်စကားဆို

ဥရောပအကောင်းဆုံး ကစားသမားဆုရရှိခြင်းအတွက် အသင်းဖော်များကို စီရော်နယ်ဒို ကျေးဇူးတင်စကားဆို

သြဂုတ် ၂၆၊ မိုနာကို ။           ။ ၂၀၁၅-၁၆ ရာသီအတွက် ဥရောပအကောင်းဆုံးဘောလုံးသမားဆုကို ရရှိခဲ့သည့် စီရော်နယ်ဒိုက ယခုကဲ့သလို့ ဆုရရှိခဲ့ခြင်းအတွက် ရီးယဲလ်အသင်းနှင့်ပေါ်တူဂီအသင်းမှ အသင်းဖော်များကို ကျေးဇူးတင်ကြောင်း ပြောဆိုလိုက်သည်။

စီရော်နယ်ဒိုသည် ပြီးခဲ့သည့်ရာသီက ရီးယဲလ်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဖလားကို သုံးကြိမ်မြောက် ရယူနိုင်ခဲ့ပြီး ပေါ်တူဂီအသင်းနှင့် ယူရို ၂၀၁၆ ဖလားကြီးကို ရရှိခဲ့သည်။

ရော်နယ်ဒိုသည် ရီးယဲလ်အသင်းအတွက် ၄၈ ပွဲကစားပြီး ၅၁ ဂိုးအထိသွင်းယူကာ ၁၅ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ၁၂ ပွဲတွင် ၁၆ ဂိုးသွင်းကာ လေးဂိုးဖန်တီးပေးခဲ့သည်။

‘ကြီးကျယ်ခမ်းနားတဲ့ ဂုဏ်ပြုမှုပါပဲ။ ဒီအောင်မြင်မှုမှာ အသင်းဖော်တွေက အဓိကကျပါတယ်။ ကျွန်တော်က ပြင်းပြင်းထန်ထန်ကြိုးစားပေမယ့် သူတို့ရဲ့ အကူအညီသာမပါရင် ဒီလိုဆုရရှိမှာ မဟုတ်ပါဘူး။ ရီးယဲလ်နဲ့ ပေါ်တူဂီက အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်။ ချန်ပီယံလိဂ်ဖလားက အရင်ကရရှိခဲ့ဖူးပြီး သုံးကြိမ်မြောက်ရရှိတာဖြစ်လို့ ယူရိုဖလားကို ရရှိတာက ကျွန်တော့်အတွက် နည်းနည်းတော့ ကွဲပြားခြားနားပါတယ်။  ပေါ်တူဂီနဲ့အောင်မြင်မှုရခဲ့တာက ကျွန်တော့်ကစားသမားဘဝကို ပိုပြီး စိတ်ဝင်စားဖွယ်ဖြစ်သွားစေပါတယ်’ ဟု စီရော်နယ်ဒိုက ပြောသည်။

ထို့အပြင် ရော်နယ်ဒိုက အကောင်းဆုံးဆုဆန်ခါတင်စာရင်းတွင်ပါဝင်ခဲ့သော ဂါရတ်ဘေးလ်နှင့် ဂရစ်ဇ်မန်တို့နှစ်ဦးကို ချီးကျူးခဲ့သည်။ ယူရိုဖိုင်နယ်တွင် ပြင်သစ်အသင်းရှုံးနိမ့်ခဲ့ရသည့်အတွက် စိတ်မကောင်းကြောင်းနှင့် ဂရစ်ဇ်မန်မှာ ပြီးခဲ့သည့်ရာသီက အလွန်ကောင်းမွန်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly