အာဆင်နယ်တိုက်စစ်မှူး ဂျိုယေးကမ်းဘဲလ် အငှားစာချုပ်ဖြင့် စပို့တင်းလစ္စဘွန်းသို့ ပြောင်းရွှေ့

အာဆင်နယ်တိုက်စစ်မှူး ဂျိုယေးကမ်းဘဲလ် အငှားစာချုပ်ဖြင့် စပို့တင်းလစ္စဘွန်းသို့ ပြောင်းရွှေ့

သြဂုတ် ၂၂၊ အင်္ဂလန် ။              ။ အာဆင်နယ်အသင်းမှ ကော်စတာရီကာတိုက်စစ်မှူး ဂျိုယေးကမ်းဘဲလ်သည် ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းသို့ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ကမ်းဘဲလ်သည် အာဆင်နယ်တွင် ပထမကစားသမားနေရာ ရရှိရန်အတွက် ပြီးခဲ့သည့်ရာသီလေးခုက လိုရီယန့်၊ ဘက်တစ်၊ အိုလံပီယာကော့စ်နှင့် ဗီလာရီးယဲလ်အသင်းများတွင် အငှားသွားရောက်ကစားခဲ့သူဖြစ်သည်။ အငှားသွားကစားသည့်အသင်းများတွင် ခြေစွမ်းပြကစားနိုင်သော်လည်း အာဆင်နယ်တွင်မူ နည်းပြအာစင်ဝင်းဂါး၏ ဦးစားပေးအဆင့်သို့ ရောက်ရှိမလာခဲ့ပေ။

ကမ်းဘဲလ်သည် အာဆင်နယ်အသင်းတွင် ဝဲလ်ကော့၊ ချိန်ဘာလိန်၊ ကာဇိုလာနှင့် အိုင်ဝိုဘီတို့၏နောက် ဒုတိယဦးစားပေးအဖြစ်သာ ကစားနေခဲ့ရသည်။ ယခုနှစ်ရာသီတွင် ဂျာမန်လူငယ်ကစားသမား ဂနာဘီကလည်း ခြေစွမ်းပြလာသည့်အတွက် စပို့တင်းလစ္စဘွန်းသို့ပြောင်းရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ကမ်းဘဲလ်သည် ပြီးခဲ့သည့်ရာသီက အာဆင်နယ်တွင် ပြိုင်ပွဲပေါင်းစုံ ပွဲ ၃၀ ကစားပေးခဲ့ပြီး လေးဂိုးသွင်းယူပေးနိုင်ခဲ့သည်။

‘အာဆင်နယ်အသင်းမှာ ရှိတဲ့ လူတိုင်းက ကမ်းဘဲလ်အနေနဲ့ ပေါ်တူဂီမှာ အောင်မြင်တဲ့ရာသီတစ်ခု ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက် ကြပါတယ်’ ဟု အာဆင်နယ်အသင်း၏ ဝက်ဘ်ဆိုက်တွင် ရေးသားထားသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly