ဝါရှင်တန်၊ သြဂုတ် ၁၉ ။ ။ အမေရိကန်သမ္မတ ဘာရက်အိုဘားမားက တရုတ်နိုင်ငံတွင် ကျင်းပမည့် G 20 ထိပ်သီးဆွေးနွေးပွဲသို့ လာရောက်မည့် ခရီးစဉ်နှင့်အတူ လာအိုတွင် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ ကျင်းပမည့် ထိပ်သီးညီလာခံများသို့ တက်ရောက်မည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။
၂၀၀၉ ခုနှစ်တွင် ပထမအကြိမ်သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးနောက် အိုဘာမားသည် စက်တင်ဘာ ၂ ရက်မှ ၉ ရက်အထိ လာရောက်မည့် ခရီးစဉ်အပါအဝင် အာရှတိုက်သို့ ၁၁ ကြိမ် ရောက်ရှိပြီးဖြစ်သည်။ အိုဘားမားအစိုးရ၏ နိုင်ငံခြားရေး မူဝါဒတွင် အာရှတိုက်သည် အဓိကဒေသတစ်ခုအဖြစ်ပါဝင်သည်။
ယခုနှစ်အတွက် အာဆီယံအဖွဲ့ ဥက္ကဌအလှည့်ကျတာဝန်ယူထားရသည့် လာအိုတွင် စက်တင်ဘာ ၆ ရက်မှ ၈ ရက်အထိ အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံနှင့် အရှေ့အာရှထိပ်သီးညီလာခံများကို တက်ရောက်သွားမည်ဖြစ်သည်။
အရှေ့အာရှ ထိပ်သီးညီလာခံတွင် ဒေသတွင်း အင်အားကြီးနိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် ရုရှားတို့ ပါဝင်မည်ဖြစ်သည်။
အိုဘားမားသည် လာအိုသို့ ပထမဆုံးအကြိမ်ရောက်ရှိမည့် အမေရိကန်သမ္မတတစ်ဦးဖြစ်သည်။