ဘာစီလိုနာအတွက် လွယ်ကူလွန်းတဲ့ စပိန်စူပါဖလား

ဘာစီလိုနာအတွက် လွယ်ကူလွန်းတဲ့ စပိန်စူပါဖလား
(ဓာတ်ပုံ - အီးပီအေ)

အာဒါတူရန်ရဲ့ ဂိုးနှစ်ဂိုး၊ မက်ဆီရဲ့ ဂိုးတစ်ဂိုးနဲ့ ဘာစီလိုနာက ဆီဗီလာကို စပိန်စူပါဖလား ဒုတိယအကျော့  နူးကမ့်မှာ(၃) ဂိုး၊ ဂိုးမရှိနဲ့နိုင်ပြီး နှစ်ကျော့ပေါင်း (၅-ဝ) ဂိုးရလဒ်နဲ့ ဖလားဆွတ်ခူးခဲ့ပါတယ်။

ဘာစီလိုနာ ကွင်းလယ်လူ အာဒါတူရန်က မက်ဆီပေးတာကနေ (၁၀) မိနစ်မှာ ပထမဂိုးကို သွင်းယူခဲ့ပါတယ်။  ပွဲချိန်(၃၂)မိနစ်မှာ ဆီဗီလာအသင်းက ရတဲ့ ပင်နယ်တီကို အီဘော်ရာ ကန်သွင်းရာမှာ ဘာစီလိုနာဂိုးသမား ဘရာဗို ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်း (၄၆) မိနစ် အာဒါတူရန်က နောက်ထပ်တစ်ဂိုး သွင်းယူခဲ့ပြီး တတိယမြောက်ဂိုးကိုတော့ (၅၅)မိနစ်မှာ မက်ဆီက သွင်းယူခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ စပိန်စူပါဖလားကို ၂၀၁၃ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ရရှိခဲ့ခြင်းဖြစ်ပါတယ်။

နှစ်ကျော့ကစားရတဲ့ စပိန်စူပါဖလားကို ပုံမှန်အားဖြင့် စပိန်ဘုရင့်ဖလား (Copa del Rey) ရတဲ့အသင်းနဲ့ လာလီဂါအမှတ်ပေး ချန်ပီယံတို့ ကစားရတာဖြစ်ပါတယ်။ ဒါပေမယ့်လဲ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘာစီလိုနာအသင်းက အဆိုပါဖလားနှစ်လုံး,လုံး ရရှိတာကြောင့် စပိန်ဘုရင့်ဖလားမှာ ဒုတိယရတဲ့ ဆီဗီလာအသင်းနဲ့ စပိန်စူပါဖလားလုရတာဖြစ်ပါတယ်။

ဘာစီလိုနာ ၃-၀ ဆီဗီလာ
(နှစ်ကျော့ပေါင်း ၅-ဝဖြင့် ဘာစီလိုနာ အနိုင်ရ)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly