ထိုင်းတောင်ပိုင်းတွင် ဗုံးသုံးလုံး ထပ်မံပေါက်ကွဲ

ထိုင်းတောင်ပိုင်းတွင် ဗုံးသုံးလုံး ထပ်မံပေါက်ကွဲ

ရာလာ၊ သြဂုတ် ၁၅ ။        ။ ထိုင်းနိုင်ငံတောင်ပိုင်း ရာလာပြည်နယ် ရာဟာခရိုင်တွင် ယမန်နေ့ညက လက်လုပ်ဗုံးသုံးလုံး နေရာသုံးခုတွင် သီးခြားပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း သေဆုံးမှုမရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ပထမဗုံးတစ်လုံးသည် မြို့တွင်း ရွှေဆိုင်တစ်ဆိုင်ရှေ့တွင် ဒေသစံတော်ချိန် ည ၇ နာရီခွဲခန့်က ပေါက်ကွဲခဲ့ပြီး ဆိုင်၏ ဆိုင်းဘုတ်ပျက်စီးသွားခဲ့သည်။

ငါးမိနစ်အကြာတွင် ဒုတိယဗုံးသည် စာရေးကိရိယာ ဆိုင်တစ်ဆိုင်ရှေ့တွင် ပေါက်ကွဲခဲ့ပြီး နောက်ထပ် ငါးမိနစ် အကြာတွင် ရဲစခန်းနှင့် မျက်နှာချင်းဆိုင်ရှိ သတင်းစာများ ရောင်းသည့် ဆိုင်ရှေ့တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

သြဂုတ် ၁၅ ရက်နံနက်တွင် ရဲများက ဗုံးဟုသံသယရှိသည့် ပစ္စည်းများကို ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည့် နေရာများအနီးတွင် တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ  ၅ ကီလိုဂရမ်အလေးချိန် ရှိ  ဆလင်ဒါပုံလက်လုပ်ဗုံးတစ်လုံးကို တွေ့ရှိခဲ့သည်။ ယင်းချိန်ကိုက်ဗုံးအား ယမန်နေ့ ည ၇ နာရီ ၄၅ မိနစ်တွင် ဖောက်ခွဲရန် အချိန်ပေးခဲ့သော်လည်း ပေါက်ကွဲမှုမရှိခဲ့ပေ။

အခြားဗုံးတစ်လုံးအား ရွှေဆိုင်အနီးတွင် တွေ့ရှိခဲ့ပြီး ရဲများက မပေါက်ကွဲစေရန် ဟန့်တားနိုင်ခဲ့သည်။

ပြီးခဲ့သည့် သတင်းပတ်အတွင်းက ထိုင်းတောင်ပိုင်းကမ်းခြေမြို့များတွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု များနှင့် ပတ်သက်၍ သံသယရှိမှုဖြင့် စစ်ဆေးမေးမြန်းရန် လူအချို့ကို ဖမ်းဆီးထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags